နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုက ကျေးရွာတွေမှာ သောက်သုံးရေရှားပါးမှုနဲ့ ကြုံတွေ့နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။
အဲဒီအထဲက မကွေးနဲ့ မန္တလေးတိုင်းက ကျေးရွာတွေမှာ ရေရှားပါးမှုအခြေအနေ အဆိုးဆုံးဖြစ်နေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးက ပြောပါတယ်။
"အဆိုးဆုံးကတော့ မကွေးနဲ့ မန္တလေးရယ်၊ တခြားတိုင်းတွေလည်း ဒီအောက်ပြည် အောက်ရွာတွေမှာလည်း ဒီလိုပဲ၊ ဧရာဝတီတိုင်းတို့ဘာတို့လည်း အကူ အညီတောင်းတာ ရှိပါတယ်၊ မကွေးတို့ဘာတို့တော့ ပိုပြီးတော့များတာပေါ့"
အယ်နီညိုရာသီဥတုကြောင့် အပူချိန်ပြင်းထန်ပြီး ကျေးရွာတွေမှာရှိတဲ့ သောက်ရေ ကန်တွေ၊ မိုးရေလှောင် ကန်တွေ ရေခမ်းခြောက်တာ၊ ရေငန်စိမ့်ဝင် တာတွေကြောင့် သောက်သုံးရေ ခက်ခဲလာတာဖြစ်ပါတယ်။
သောက်သုံးရေအခက်အခဲနဲ့ကြုံတွေ့နေတဲ့နေရာတွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနလက်အောက်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့က အကူအညီ တွေပေးနေသလို လူမှုအဖွဲ့အစည်းတွေကလည်း ရေလှူဒါန်းပေးနေ ပါတယ်။
ကျေးလက်ဒေသဖံ့ွဖြိုးတိုးတက်ရေးဦးစီးဌာနက ဒီလအတွင်း တစ်နိုင်ငံလုံးမှာ ကျေးရွာပေါင်း နှစ်ထောင်နီးပါး ရေ ရှားပါးမှုနဲ့ ကြုံတွေ့နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မသီရိမင်းဇင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
