လယ်မြေသိမ်းဆည်းမှု ဖြေရှင်းရေး အားနည်းနေဆဲ

မြန်မာတစ်နိုင်ငံလုံးမှာ ဖြစ်နေတဲ့ လယ်ယာမြေသိမ်းဆည်းမှုတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းတွေဖြစ်ကြတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနဲ့ ဝန်ကြီးဌာနများက ဖြေရှင်းဆောင်ရွက်ပေးမှု အားနည်းချက်တွေကို တွေ့ရှိရကြောင်း လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေကော်မရှင် ဥက္ကဌ ဦးတင်ထွဋ်က ဒီနေ့ ပြည်ထောင်စု လွှတ်တော်ကို အဆိုတင်သွင်းရာမှာ ဖေါ်ပြလိုက်ပါတယ်။

လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေကော်မရှင်က ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းထားတဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး အမြန်ဖြေရှင်းဆောင်ရွက်ပေးဖို့ အဆိုကို စုံစမ်းစစ်ဆေးရေကော်မရှင် ဥက္ကဌ ဦးတင်ထွတ်က ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ အဆိုတင်သွင်းစဉ် အခုလို ပြောခဲ့တာပါ။

"အခုအဆိုတင်သွင်းရတဲ့ အကြောင်းအရင်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများ သက်ဆိုင်ရာဝန်ကြီးဌာနများရဲ့ အရေးယူဆောင်ရွက်မှု လုံလောက်မှုမရှိပါ၊ နယ်ပယ်အနှံ့ စုံစမ်းစစ်ဆေးပေးရန် လိုနေတဲ့အတွက် တင်ပြရခြင်းဖြစ်ပါတယ်၊ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရများကြောင့် ပြည်သူများနစ်နာမှုမရှိစေရန် စုံစမ်းရေကော်မရှင်က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ပြီးဖြစ်သော အစီရင်ခံစာများနဲ့ စပ်လျဉ်း၍ စောလျင်စွာ အရေးယူဆောင်ရွက် ဖြေရှင်းပေးပါရန် ကော်မရှင်ရဲ့ကိုယ်စား တင်ပြအပ်ပါတယ်"

လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေကော်မရှင်ရဲ့လေ့လာတွေ့ရှိချက်တွေကို ပြီးခဲ့တဲ့ ဆဌမအကြိမ် ပြည်ထောင်စု လွှတ်တော်မှာ အစီရင်ခံစာအပိုင်း (၁) နဲ့ (၂) ကို တင်သွင်းခဲ့ပါတယ်။

အရင်တင်သွင်းခဲ့တဲ့ အစီရင်ခံစာ (၂) ခုနဲ့ အခုတင်သွင်းတဲ့ ဆက်စပ်အဆိုကိုပေါင်းပြီး လွှတ်တော်မှာ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ကြေညာသွားပါတယ် ။