ဆိုင်ကလုန်းမုန်တိုင်းအရှိန် ခံရနိုင်ကြောင်း မိုးဇလ သတိပေး


2016.10.22
weather-620.jpg မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာလ ၂၂ နေ့ ထုတ်ပြန်ကြေညာချက်ကို တွေ့ရစဉ်
ဓါတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ နောက်နှစ်ရက်အတွင်းမှာ ဆိုင်ကလုန်းမုန်တိုင်း အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ သတိပေးထုတ်ပြန်လိုက်ပါတယ်။

အဲဒီမုန်တိုင်းကြောင့် ဧရာဝတီ၊ ရန်ကုန်နဲ့ ရခိုင်ပြည်နယ်တွေမှာ မုန်တိုင်းအရှိန်ကို ခံစားရနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန ဒုတိယညွန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

"၄၈ နာရီအတွင်းတော့ သူက ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်နိုင်တယ်၊ ရောက်ပြီးတော့ မြန်မာ့ ကမ်းရိုးတန်းကို ဦးတည်နေတယ်ပေါ့နော်၊ မြန်မာ့ကမ်းရိုးတန်းအနီးကိုတော့ ၂၃ ရက်နေ့လောက် ရောက် မယ်၊ ၂၄ ရက်နေ့မှာတော့ မြန်မာ့ကမ်းရိုးတန်းအနီးမှာ တိုက်မယ်၊ ၂၅ ရက်လောက်ကျရင် ပြန်ပြီးတော့ ဘင်္ဂလားပင်လယ်အော်ထဲကို ရောက်သွားမယ့် အနေအထားရှိပါတယ်၊ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တွေပေါ့နော်"

မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ ကမ်းရိုးတန်းဘက်ကို ဦးတည်နေပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ်နဲ့ အောက်တိုဘာ ၂၃ ရက်နေ့ ညပိုင်းမှာ တိုက်ခတ်နိုင်တယ်လို့ ပြောပါတယ်။

မုန်တိုင်းကြောင့် အောက်တိုဘာ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကရင်နဲ့ မွန် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်လို့လည်း ပြောပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာလည်း မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်တဲ့ အတွက် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ ကြိုတင်သတိထားဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။