မနေ့က ပဲရစ်မြို့မှာ ကျင်းပတဲ့ ဆုပေးပွဲ အခမ်းအနားမှာ ကမ္ဘာကျော် Le Monde ပြင်သစ် သတင်းစာကြီးရဲ့ ညွန်ကြားရေးမှူးက ဒီဆုကို တက်ရောက် ချီးမြှင့်ခဲ့ပြီး Weekly Eleven News ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးနဲ့ Premier Eleven Sports ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုမြတ်ထွဋ်ဝင်း တို့က ဆုတက်ရောက်ယူခဲ့တယ်လို့ Weekly Eleven သတင်းဂျာနယ် အင်တာနက် စာမျက်နှာမှာ ဒီကနေ့ နေ့စွဲနဲ့ ရေးသားဖော်ပြထားပါတယ်။ အခုနှစ် RSF အဖွဲ့ရဲ့ ဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံး သတင်းမီဒီယာဆုနဲ့ တစ်နှစ်တာ အကောင်းဆုံး သတင်းစာသမား ဆုနှစ်ဆုကို ပေးအပ်ခဲ့ပြီး သတင်းစာသမားဆု Journalist of the Year ကို ဆီးရီးယားနိုင်ငံက ကာတွန်းဆရာ Ali Fersat က ရရှိသွားခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ် အခြေစိုက် RSF အဖွဲ့ဟာ သတင်းစာ လွတ်လပ်ခွင့် မရှိတဲ့ နိုင်ငံတွေမှာ သတင်းစာ လွတ်လပ်ခွင့် ရရှိရေး စောင့်ကြည့် ထောက်ပြနေတဲ့ လူ့အခွင့်အရေး အဖွဲ့ကြီး တစ်ခုဖြစ်ပြီး ဒီအဖွဲ့က ချီးမြှင့်တဲ့ သတင်းစာ လွတ်လပ်ခွင့် ဆိုင်ရာ ဆုတွေကို မြန်မာနိုင်ငံက ဆရာကြီး ဦးဝင်းတင်၊ ဟာသ သရုပ်ဆောင် ကိုဇာဂနာ၊ စာရေးဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ) တို့ အရင်က ရရှိဖူးပါတယ်။
