မန္တလေး၊ မစိုးရိမ်ကျောင်းတိုက်ရဲ့ နာယက ဆရာတော်ဦးဝီရသူနဲ့ အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်းရွှေကြည် ကုမ္ပဏီပိုင်ရှင် ဦးရွှေကြည်တို့ ဘာသာရေးအရ ညှိနှိုင်းဆွေးနွေးမှုတစ်ရပ်ကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ် အရှေ့ပိုင်းက မကွေးပရိယတ္တိ စာသင်တိုက်မှာ မနေ့ညနေပိုင်းက ကျင်းပခဲ့ပါတယ်။
အခုလို နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲကနေ တစ်ဘက်နဲ့ တစ်ဘက်နားလည်မှုရှိလာတယ်လို့ ဆရာတော် ဦးဝီရသူက RFA ကို မိန့်ကြားပါတယ်။
"ဦးဇင်းတို့ ဒီလိုမျိုးတွေ မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာတွေ သိလာတယ်၊ ဒီလိုပဲ ရင်းနှီး၊ ထိတွေ့မယ်ဆိုရင် ဦးရွှေကြည်ဘက်ကလည်း ရင်းနှီးချင်တဲ့သူတွေ၊ ဦးဇင်းတို့ဘက်ကလည်း ထိတွေ့ချင်တဲ့သူတွေ တိုးပွားလာမယ်၊ အပြန်အလှန်နားလည်မှုတွေ ရလာမယ်ဆိုရင်တော့ မြန်မာပြည်ထာဝရ ငြိမ်းချမ်းမယ်လို့ ဦးဇင်းပြောနိုင်ပါတယ်"
ဒါ့အပြင် နှစ်ဘာသာငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ နိုင်ငံတွင်း ပြည်သူတွေ အထိတ်တလန့်မဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းရှိရေးစတဲ့အချက်တွေကို ဆရာတော်ဦးဝီရသူက အဓိကထားဆွေးနွေးခဲ့ကြောင်း မိန့်ကြားပါတယ်။
ဦးရွှေကြည်ကလည်း မြန်မာနိုင်ငံတွင်း ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာအကြား ငြိမ်းချမ်းမှုရှိပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်ဖို့ အခုလိုတွေ့ဆုံဆွေးနွေးကြတာဖြစ်တယ်လို့ ပြောပါတယ်။
"ဒီတွေ့ဆုံမှုက သာမန်တွေ့ဆုံမှုတော့ မဟုတ်ဘူး၊ အကြမ်းဖက်ခံရတာတွေ၊ အိုးအိမ်ဖျက်စီးခံရတာတွေကို အများဆုံးကူညီပေးတာ ရဟန်းတော်တွေလေ၊ ရဲထက်တောင် အများဆုံးကူညီပေးတယ်လေ၊ မြန်မာလူမျိုးတွေ တိုးတက်ချင်တယ်၊ တိုင်းရင်းသား အားလုံးစည်းလုံးညီညွတ်ပြီး အောင်မြင်ချင်တယ်၊ ဒီတော့ လက်တွေ့ကျကျ အလုပ်လုပ်မှ ရမယ်လေ"
ဒီဆွေးနွေးပွဲကို ဦးရွှေကြည်ဘက်က ဖိတ်ကြားခဲ့တာဖြစ်ပြီး မကွေးကျောင်းတိုက်ဆရာတော် ဦးပေါမောက္ခက စီစဉ်ပေးခဲ့တာလို့ သိရပါတယ်။
ဆရာတော် ဦးဝီရသူကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်လျောက်ထား မေးမြန်းခဲ့ပါတယ်။