အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ ဒီကနေ့ တိုးတက်လာတဲ့ အခြေအနေတွေကို ကြည့်ပြီး အားတက်မိပေမယ့် အနာဂတ် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အပြည့်အ၀ ထွန်းကားလာရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေးနဲ့ ပွင့်လင်းမြင်သာတဲ့ ရင်းနှီးမြှုပ်နှံမှု၊ စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး တိုးတက်မှုတွေ ရှိလာမယ်လို့ မျှော်လင့်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာကို ကြိုဆိုပေမယ့် မလွတ်သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေကြောင်း၊ စတဲ့အချက်တွေ ပါဝင်တဲ့ ကြေငြာချက် တစ်စောင်ကို ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဒီကနေ့ အောက်တိုဘာလ ၁၈ ရက် ရက်စွဲနဲ့ ကြေငြာချက် ထုတ်ပြန်ခဲ့ ပါတယ်။
အလားတူ မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ ဌာန လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ်ပို့စ်နာ ဦးဆောင်တဲ့အဖွဲ့လည်း ရောက်ရှိနေပြီး အမေရိကန် ကာကွယ်ရေးဌာနက ဒုဗိုလ်ချုပ်ကြီး Francis Wiercinski နဲ့ အမေရိကန် အမျိုးသားလုံခြုံရေး ကောင်စီက ထိပ်တန်းအရာရှိ Samantha Power တို့လိုက်ပါလာပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမေရိကန် ခရီးစဉ်အပြီး (၂) ပတ်အကြာမှာ အမေရိကန်ပြည်ထောင်စုရဲ့ အစိုးရ ထိပ်တန်း ကိုယ်စားလှယ်တွေ ရောက်ရှိလာပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။