ဗြိတိန်နိုင်ငံကိုရောက်ရှိနေတဲ့ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်တဲ့အဖွဲ့ဟာဘယ်လ်ဖတ်စ်မြို့မှာအိုင်ယာလန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးကြာသပတေးနေ့မနေ့ညကလန်ဒန်မြို့ကိုပြန်လည်ထွက်ခွာသွားပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့သစ်တောရေးရာဝန်ကြီးဦးဝင်းထွန်းကအိုင်ယာလန်မြောက်ပိုင်းငြိမ်းချမ်းရေးအတွက်သက်ဆိုင်သူတွေအားလုံးရိုးသားမှုကိုအခြေခံပြီးတွေ့ဆုံဆွေးနွေး လို့အောင်မြင်ခဲ့ကြတာဟာမြန်မာပြည် ငြိမ်းချမ်းရေးအတွက်အတုယူစရာဖြစ်တယ်လို့ဘဲလ်ဖတ်စ်မြို့လေဆိပ်ကနေ RFA ကိုပြောဆိုခဲ့ပါတယ်။
"နိုင်ငံရေးခံယူချက်တွေကို အသီးသီးရှိကြပေမယ့် တစ်ယောက်ကိုတစ်ယောက် ဖြူဖြူစင်စင်၊ တစ်ယောက်ကိုတစ်ယောက် မလှည့်ပတ်ကြစတမ်းပေါ့လေ၊ တစ်ယောက်ကိုတစ်ယောက် ရိုးရိုးသားသား ဖြူဖြူစင်စင်နဲ့ တိုင်းပြည်ကောင်းဖို့ကို ရိုးရိုးသားသား လုပ်ကြမယ်ဆိုရင် မအောင်မြင်စရာ မရှိဘူးဆိုတဲ့အချက်ကို တွေ့ရှိရပါတယ်"
တဆက်တည်းမှာဝန်ကြီးဦးဝင်းထွန်းကကချင်ပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာအနောက်နိုင်ငံတွေပါဝင်တက်ရောက်ရေးကိုမိမိတို့ကငြင်းပယ်ခဲ့တာမဟုတ်ပဲတရုတ်အစိုးရဖက်ကကန့်ကွက်ခဲ့တာဖြစ်တယ်လု့ိပြောပါတယ်။
"တရုတ်ဘက်ကတော့ ကုလသမဂ္ဂရယ်၊ အမေရိကားရယ်၊ ဗြိတိန်က ကိုယ်စားလှယ်တွေကို ဖိတ်တာတော့ သူတို့လိုလားဟန်မပြဘူး၊ မပြဘူးဆိုတာက ကျွန်တော်တို့ကို မပြတာမဟုတ်ဘူး၊ ကချင်ဘက်ကိုမပြတာ၊ ဖိတ်တာက ကချင်ဘက်ကဆိုတော့ ကချင်ဘက်ကို ကန့်ကွက်တယ်၊ ကျွန်တော်တို့ဘက်ကတော့ အနောက်နိုင်ငံကို ကိုယ်စားပြုတဲ့ နိုင်ငံကြီးတွေကိုလည်း လက်ခံတယ်၊ ပြည်တွင်းမှာရှိတဲ့ သတင်း အဖွဲ့ အစည်းတွေကော၊ လူမှုရေးအဖွဲ့အစည်းတွေကိုပါ၊ ကျွန်တော်တို့ဘက်က ပွင့်ပွင့်လင်းလင်း လက်ခံတယ်"
ဒါ့အပြင်မြန်မာပြည်နဲ့ တရုတ်နယ်ခြားကနေသစ်တောနဲ့သယံဇာတတွေခိုးထုတ်နေတာကိုလုံခြုံရေးကြောင့်ထိရောက်စွာတားဆီးနိုင်စွမ်းမရှိသေးဖူးလို့လည်းသူကပြောပါတယ်။
"လုံခြုံရေး အပြည့်အဝမရှိသေးဘူး၊ အစိုးရရဲ့ သြဇာအာဏာ သက်ရောက်မှုနည်းနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တစ်လျှောက်ကတော့ အင်မတန်မှ စိတ်မကောင်းစရာ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်တွေကို ခိုးယူခံနေရပါတယ်၊ သိသိကြီးနဲ့ခံနေရတာပါ၊ ကျွန်တော်တို့ဘာမှ အရေးယူဆောင်ရွက်နိုင်တဲ့ အနေအထားမရှိပါဘူး"
ဒါပေမယ့်အခြေအနေအားလုံးကိုခြုံငုံကြည့်မယ်ဆိုရင်တော့မြန်မာနိုင်ငံဟာမကြာခင်အလျင်အမြန် တိုးတက်လာမှာဧကန်ဖြစ်ပါတယ်လို့ဝန်ကြီးဦးဝင်းထွန်းကပြောပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့သစ်တောရေးရာဝန်ကြီးဦးဝင်းထွန်းနဲ့ RFA ဆက်သွယ်မေးမြန်းချက်အပြည့်အစုံကိုနားဆင်ပါ။