အဂတိလိုက်စားမှုရှောင်ဖို့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် တိုက်တွန်း


2016.04.28
winmyint-620.jpg ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်နဲ့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဧပြီလ ၂၈ ရက်နေ့က ပဲခူးတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံကြစဉ်
Photo: Pyithu Hluttaw Facebook

လွှတ်တော်ကိုယ်စားလှယ်တွေ အဂတိလိုက်စားမှုတွေ ရှောင်ကြဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပဲခူးတိုင်းဒေသကြီးက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

ဒီကနေ့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်မှာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်နဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ တွေ့ဆုံပွဲမှာ မှာကြားခဲ့တာဖြစ်တယ်လို့ တက်ရောက်ခဲ့တဲ့ ပဲခူးတိုင်းအစိုးရ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံက ပြောပါတယ်။

"အဓိကကတော့ လွှတ်တော်လုပ်ငန်းတွေ ဆွေးနွေးသွားတာပေါ့နော်၊ ပြီးရင် အဂတိလိုက်စားမှု မရှိဖို့ပေါ့နော် ၊ ပြည်သူကို မျက်နှာမူဖို့ အချက်တွေပေ့ါနော်၊ လွှတ်တော်ကိုယ်စားလှယ်လုပ်ငန်းတွေ လုပ်နိုင်အောင် လမ်းညွှန်ပေးတာ၊ လွှတ်တော်ဥက္ကဌ တစ်ယောက်ရဲ့ လမ်းညွှန်ချက်အနေနဲ့ ထူးထူးခြားခြားဖြစ်တာက လွှတ်တော်ရဲ့ ဥပဒေ နည်းဥပဒေနဲ့ ဆက်စပ်တာလေးကို ရှင်းပြတာပေါ့ဗျာ၊ အဓိကကတော့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ထိထိရောက်ရောက် လုပ်ငန်းစဉ်တွေလုပ်နိုင်ဖို့ ဥပမာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအစ အုပ်ချုပ်ရေးနဲ့ ညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီးတော့ ဆွေးနွေးသွားတာပါ"

လွှတ်တော်ကိုယ်စားလှယ်တွေက လယ်ယာမြေဥပဒေ ပြင်ဆင်ပေးဖို့ နဲ့ တိုင်းဒေသကြီးနဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်တွေ ပူးပေါင်းဆောင်ရွက်နိုင်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ပဲခူးတိုင်းလွှတ်တော် အစည်းအဝေးတွေကို လက်ရှိမှာ ရပ်နားထားပြီး လာမယ့် မေလ ၁၂ ရက်နေ့မှာ ပြန်လည် စတင်မှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ဟာ လွှတ်တော်အစည်းအဝေးတွေ ခေတ္တရပ်နားထားချိန် တိုင်းဒေသကြီး နဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ပြည်သူလူထုတွေနဲ့ လိုက်လံတွေ့ဆုံနေ တာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။