အမျိုးသမီး ရာအိမ်မှူး လုပ်ကြံခံရ

0:00 / 0:00

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာရဲ့ ရာအိမ်မှူး ဒေါ်နန္ဒာလှိုင်ကို မနေ့ညနေပိုင်း က သေနတ်သမား ၂ ဦးက သူ့ရဲ့ နေအိမ်မှာ ဝင်ရောက်လုပ်ကြံခဲ့ပါတယ်။

သေနတ်ဒဏ်ရာနဲ့ ဖားကန့်မြို့နယ်ဆေးရုံမှာ ဆုံးသွားတာလို့ ဆိပ်မူကျေးရွာအုပ်ချုပ်ရေးရုံး တာဝန်မှူး ဦးဝင်းမြင့် က ပြောပါတယ်။

"ဖြစ်ပွားတဲ့အချိန်က ၅ နာရီခန့်ပေါ့၊ လူနှစ်ယောက် ဆိုင်ကယ်နဲ့ အိမ်အတွင်းကို ဝင်ရောက်ပစ်ခတ်သွားတယ်ပေါ့၊ ၆ ချက်ခန့်လောက်ထိတယ်ပေါ့ဗျာ၊ ဖားကန့်ဆေးရုံရောက်မှ ဆုံးတယ်ကြားတယ်"

ပစ်ခတ်သူတွေ ဘယ်သူတွေလဲနဲ့ ဘာကြောင့်လဲဆိုတာကို စုံစမ်းနေဆဲဖြစ်တယ်လို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ က ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ လုပ်ကြံခံရသူ ဒေါ်နန္ဒာလှိုင်ဟာ ရပ်ရွာအကျိုးကို အလေးထားဆောင် ရွက်နေသူ တစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကစပြီး လက်ရှိအချိန်အထိ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ပေါက်ကွဲမှုအကြိမ် ၄ဝ နီးပါးဖြစ်ပွားခဲ့ပြီး အဲဒီပေါက်ကွဲမှုတွေကို ဘယ်သူတွေက လုပ်တာလဲ ၊ ဘာကြောင့်လည်းဆိုတာ အစိုးရ က ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းကလည်း ဖားကန့်မြို့နယ် ဆိပ်မူနဲ့ ဝှေခါကျေးရွာတွေမှာ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဝင် နှစ်ဦး လုပ်ကြံခံရဖူးပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး လုပ်ကြံခံရသူ ဒေါ်နန္ဒာလှိုင်ရဲ့ ခင်ပွန်း ဦးမျိုးထွန်းကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။