မြန်မာအမျိုးသမီးတွေအရေး ထိုင်းမှာဆွေးနွေး

အရှေ့တောင်အာရှက အမျိုးသမီးတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Holiday Inn ဟော်တယ်မှာ ၄ ရက်ကြာကျင်းပခဲ့ရာ နိုဝင်ဘာ ၂ ရက်နေ့က ပြီးဆုံးသွားခဲ့ပြီး မြန်မာနိုင်ငံက အမျိုးသမီး ကိုယ်စားလှယ် ၂ ဦး အပါအဝင် မြန်မာအမျိုးသမီး ၆ ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင်းက အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကချင်ပြည်နယ် တာဝန်ခံ ဒေါ်ဘောက်ဂျာနဲ့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ရှမ်းပြည်နယ်က အမျိုးသမီး ကိုယ်စားလှယ်တစ်ဦး အပါအဝင် နယ်စပ်အခြေစိုက် ရှမ်းနဲ့ ကချင် အဖွဲ့တွေက လူ့အခွင့်အရေး လှုပ်ရှားသူ ၄ ဦးတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဒေါ်ဘောက်ဂျာက အမျိုးသမီးတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကိစ္စနဲ့ လယ်ယာမြေ ကိစ္စတွေကို အဓိကထား ဆွေးနွေးတင်ပြခဲ့တယ်လို့ ပြောပါတယ်။

"ကျမအနေနဲ့ကတော့ ဒီလက်ရှိ ကျမလုပ်ဆောင်နေတဲ့ လယ်ယာမြေသိမ်းဆည်းမှုနဲ့ ပတ်သက်တဲ့ ပြသနာတွေကိုပေါ့နော်၊ အမျိုးသမီးရဲ့ ကိစ္စတွေပေါ့နော် မိန်းခလေးတွေ စော်ကားခံရတာတွေကိုလည်း ဒါတွေလည်း အဓိကပါတယ်။ ဒီလယ်ယာမြေသိမ်းဆည်းခံရတဲ့အတွက် နောက်ဆက်တွဲ ပြသနာတွေ များစွာဖြစ်ပေါ်နေတာပေါ့နော်၊ လယ်မဲ့ယာမဲ့ ဖြစ်သွားတယ်။ အဲဒီ လယ်မဲ့ယာမဲ့ကနေ မိန်းခလေးတွေ အမျိုးသမီးတွေမှာ စားဝတ်နေရေးအတွက် ခက်ခဲရတာတွေ ပြီးတော့ မိသားစု၊ နောက်ဆုံးကျောင်းသားတွေ ကျောင်းမတတ်နိုင်ဘူး။ ဒီလို နောက်ဆက်တွဲက ဆက်တိုက် ပေါ်ပေါက်လာတာတွေ ပါတယ်ပေါ့နော် အဲဒါတွေကို အဓိကထားပြီးတော့ ကျမ တင်ပြတယ်။"

ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်က အမျိုးသမီးကိုယ်စားလှယ်က ရှမ်းပြည်နယ်အတွင်း ဂတ်စ်ပိုက်လိုင်း သွယ်တန်းမှုကြောင့် လယ်ယာမြေ အသိမ်းခံရတဲ့ကိစ္စ၊ လယ်မြေတွေကို ကာလတန်ဖိုးထက် ပိုပေးပြီး ဝယ်ယူတယ်ဆိုပေမယ့် တကယ်တန်းလက်တွေ့ ပြန်ပေးချိန်မှာ အာဏာပိုင်တွေက ၂၀ ရာခိုင်နှုန်း ဖြတ်ယူတဲ့ကိစ္စတွေနဲ့ ပိုက်လိုင်းသွယ်တန်းမှုကြောင့် တချို့လယ်ယာမြေတွေ လုပ်ကိုင်ဖို့ အခက်အခဲ ဖြစ်နေတာတွေကို တင်ပြခဲ့တယ်လို့ သိရပြီး၊ ဆွေးနွေးပွဲအပြီးမှာ မြန်မာနိုင်ငံတွင်း လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြသနာတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အကူအညီတွေကို UN မှာ အကူအညီတောင်းခံပြီး UN ကနေ တက်နိုင်သလောက် ကူညီပံ့ပိုးပေးသွားမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အမျိုးသမီးတွေ အသိအမြင် ပိုမိုကျယ်ပြန့်လာစေဖို့အတွက် သင်တန်းတွေပို့ချပြီး ပူးပေါင်းလက်တွဲဆောင်ရွက်နိုင်ဖို့ကိစ္စတွေ ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ဒေါ်ဘောက်ဂျာက ဆက်လက် ပြောပါတယ်။

၄ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲကို အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ မြန်မာ စတဲ့ နိုင်ငံ ၉ နိုင်ငံက အမျိုးသမီး ကိုယ်စားလှယ် ၅၀ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။