ကရင်အမျိုးသား အစည်းအရုံး KNU ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် စောမြ ရာဇာလင်းတို့ အမျိုးသမီးငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရ ပါတယ်။
ရန်ကုန်မြို့ Excel Tower Hotel မှာ စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေက ကျင်းပခဲ့တဲ့ ဒုတိယ အကြိမ်မြောက် အမျိုးသမီးရေးရာဆွေးနွေးပွဲမှာဒီဆုကို ချီးမြှင့်လိုက်တာဖြစ်ပါတယ်။
ဆုချီးမြှင့်တာနဲ့ ပတ်သက်ပြီး အခမ်းအနား တက်ရောက်ခဲ့တဲ့ နော်အုန်းလှက အခုလိုပြောပါတယ်။
"အမျိုးသမီးငြိမ်းချမ်းရေးဆုရှင်ပေါ့နော်၊ ဆရာမ နော်စီဖိုးရာစိန်နဲ့ ဆရာမ ဒေါ်စောမြရာဇာလင်းကို အမျိုးသမီးဖိုရမ်ကနေပြီးတော့ ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်တယ်ပေါ့နော်၊ အဲ့ဒီမှာ ဆရာမ နော်စီဖိုးရာစိန်က ကိုယ်တိုင်တော့မတက်ရောက်ဘူး၊ ဆရာမ ဒေါ်စောမြရာဇာလင်း ကိုယ်တိုင် တက်ရောက်ယူတယ်ပေါ့နော်၊ အဲ့ဒီမှာ ဆရာမတို့ကတော့ ငြိမ်းချမ်းရေးကိုဖြင့် ကြိုးပမ်းသွားမယ် ဆိုတဲ့အကြောင်းပြောတယ်"
အခမ်းအနားမှာ ငြိမ်းချမ်းရေးဆုအပြင် လက်ပံတောင်းကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက် ဆန္ဒပြခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ နော်အုန်းလှ၊ မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက် တာဝန်ခံဒေါ်မြင့်မြင့်အေး၊ NDF ပါတီက ဒေါ်ဘောက်ဂျာ၊ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ရက်က ဒေါ်ခင်မိမိခိုင်တို့ကိုလည်း ဂုဏ်ပြုဆုတွေအသီးသီး ချီးမြှင့်ခဲ့ပါတယ်။
ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရသူ ဒေါ်စောမြရာဇလင်းက ဒီဆုရရှိတာကြောင့် အမျိုးသမီးထုအနေနဲ့ နိုင်ငံ့ အရေးကို ပိုမိုဆောင်ရွက်ဖို့ တွန်းအားပေးသလိုဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရသူ ဒေါ်စောမြရာဇာလင်းကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
