ကလေးနှင့်အမျိုးသမီးများ ကျန်းမာရေးအဆိုးဝါးဆုံး

မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းနဲ့ တောင်ဖက်ခြမ်းဒေသတွေမှာ ကလေးနဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေး အခြေအနေ အဆိုးဝါးဆုံး အခြေအနေကို ရောက်နေကြောင်း အောက်တိုဘာ ၁၉ ရက် ဒီကနေ့ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ အရှေ့ခြမ်းမှာ လေ့လာခဲ့တဲ့ ကျန်းမာရေးနဲ့ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

2010.10.19
malaria-child-620.jpg နေမကောင်းဖြစ်နေတဲ့ ကလေးငယ်ကို ထွေးပွေ့ထားတဲ့ အမျိုးသမီးတဦးကို တွေ့ရစဉ်
(Photo: AFP)

ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းပွဲကို ဒီကနေ့ မနက် ၁၁နာရီက ဗန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ပြုလုပ်ခဲ့ပါတယ်။

အစီရင်ခံစာအတွက် အချက်အလက်များကို ကရင်၊ ကရင်နီ၊ မွန်နဲ့ ရှမ်းစတဲ့ ပြည်နယ်လေးခုအပြင် တနင်္သာရီနဲ့ ပဲခူးတိုင်းတွေမှာ ၂ နှစ်နီးပါး လေ့လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ မေးမြန်းခဲ့သူ လူပေါင်း သုံးသောင်း နီးပါး ရှိပါတယ်။

တွေ့ရှိချက်ကတော့ ကူးစက်ရောဂါ ဖြစ်ပွားမှုဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ထိပ်ဆုံးမှာ ရှိနေပြီး ခလေးသေဆုံးမှုနှုန်းက မြန်မာနိုင်ငံက ထုတ်ပြန်တဲ့ စာရင်းဇယားတွေနဲ့ ယှဉ်ကြည့်ရင် ၂ ဆ၊ မိခင် သေဆုံးမှုနှုန်းက ၃ ဆဖြစ်နေတယ်လို့ ဆိုပါတယ်။

အဲဒီဒေသက ပြည်သူတွေဟာ အေးချမ်းစွာ နေထိုင်ရသူတွေ မဟုတ်ပဲ စစ်တပ်ရဲ့ အဓမ္မ ရွှေ့ပြောင်းခြင်း ခံနေရတာ ကြုံတွေ့နေရသလို အိုးအိမ်တွေ အဖျက်ခံရခြင်းအပြင် စစ်တပ်ရဲ့ အဓမ္မ လုပ်အားပေး စေခိုင်းခြင်းတွေ ခံနေရတဲ့ ဒေသတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရှမ်းအမျိုးသမီး ကွန်ရက်အဖွဲ့က နန်းချမ်တောင်းက ဒီဒေသက လူတွေ လူ့အခွင့်အရေး အချိုးဖောက်ခံရတာ နှစ်ပေါင်း ၅၀ ကျော်ပြီလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအဖြစ် ပြသနိုင်တဲ့ သက်သေများ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေ ရာဇဝတ်မှု ကျူးလွန်ခံရမှုတွေဟာ ဒီကနေ့အထိ ဆက်လက်ဖြစ်နေဆဲ ဖြစ်တယ်လို့ သူက ပြောသွားပါတယ်၊

သတင်းစာရှင်းပွဲကို မယ်တော် ဆေးခန်းက ဒေါက်တာ စင်သီယာမောင်၊ ဂျွန်ဟော့ကင်းတက္ကသိုလ် လူထု ကျန်းမာရေးဌာနက ဒေါက်တာ ဝါနာဝါကစ်၊ ရှမ်းအမျိုးသမီးရေးရာအဖွဲ့က နန်းချမ်တောင်းနဲ့ ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့က နိုင်အေးလွင်တို့ ရှင်းလင်းခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲအပြီး အစီရင်ခံစာနဲ့ ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က အသေးစိတ် မေးမြန်းထားပါတယ်။

မေးမြန်းတင်ပြချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။