အလုပ်သမားခေါင်းဆောင် နှစ်ဦး ဖမ်းဆီးခံရ

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် တော်ဝင်စက်ရုံက အလုပ်သမား သပိတ်ခေါင်းဆောင် ကိုနေလင်းဦးနဲ့ မအိဇာဖြူတို့ကို အာဏာပိုင်တွေက အင်္ဂါနေ့ မနေ့ညက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

အလုပ်သမားတွေ ဆန္ဒပြတာကို အလုပ်သမားပဋိပက္ခ ဖြေရှင်းရေးခုံရုံးမှာ အနိုင်ရပေမယ့်ပိုင်ရှင်က တရားလွှတ်တော်ချုပ်ကို စာချွန်တင်တယ်ဆိုပြီး အချိန်ဆွဲခဲ့တဲ့အတွက် ပြဿနာမပြေလည်သေးဘူးလို့ ဆိုပါတယ်။

စက်ရုံထဲမှာ အလုပ်သမားတွေ အရိုက်ခံရတဲ့ကိစ္စကို အမှုဖွင့်ထားတာနဲ့ ပတ်သက်ပြီး တစုံတရာထူးခြားမှုမရှိပဲ အဲဒီကိစ္စကို မန်နေဂျာနဲ့ ဆွေးနွေးရမယ်ဆိုတဲ့အတွက် စက်ရုံထဲဝင်သွားတဲ့ အဲဒီ အလုပ်သမားခေါင်းဆောင်တွေကို ပိုင်နက်ကျူးလွန်မှုနဲ့ ဖမ်းလိုက်တာလို့ သိရပါတယ်။

သူတို့ကို လှော်ကားရဲစခန်းမှာ ချုပ်ထားပြီး၊ ဒီနေ့ဗုဒ္ဒဟူးနေ့ မနက်မှာ မိသားစုဝင်တွေက သွားရောက်တွေ့စုံဖို့ စီစဉ်နေပါတယ်။