အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိဖို့တောင်းဆို

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် စက်မှုဇုန်(၄)မှာရှိတဲ့ ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံနဲ့ နယူးဒေး အထည်ချုပ် စက်ရုံက အလုပ် သမားတွေဟာ အလုပ်သမားရပိုင်ခွင့်တွေ အပြည့်အဝ ရရှိဖို့အတွက် လှိုင်သာယာမြို့နယ် အလုပ်သမားရုံးမှာ အလုပ်သမားခေါင်းဆောင်တွေ မနေ့က သွားရောက်တောင်းဆိုခဲ့ကြပါတယ်။

ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမား (၇၀၀) ကျော် အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝ ရရှိဖို့ မြို့နယ်အလုပ်သမားရုံးထံ စာရေးသားတင်ပြတောင်းဆိုခဲ့တဲ့ ခေါင်းဆောင် သုံးဦးကို မကြာခင်ရက်ပိုင်း ကပဲ စက်ရုံက အလုပ်ထုတ်လိုက်ပြီး၊ တခြားအလုပ်သမား (၁၈) ဦးကိုလည်း နေရာပြောင်းရွှေ့ခဲ့ပါတယ်။

ဒီအတွက် အလုပ်ထုတ်ရတဲ့ အလုပ်သမားတွေနဲ့ ပြောင်းရွှေ့ခံရတဲ့ အလုပ်သမား (၂၀) ကျော်ဟာ လုပ်ငန်းခွင် မဝင်ဘဲ အလုပ်သမားရုံးမှာ သွားရောက်တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ အလုပ်သမားတွေရဲ့တောင်းဆိုမှုကို အလုပ်ရှင်ဘက်က မလိုက်လျောနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ နေရာပြောင်းရွှေ့ခံရသူ အလုပ်သမတစ်ဦးဖြစ်တဲ့ မအိရွှေစင်က RFA ကို ပြောပါတယ်။

" စက်ရုံထဲမဝင်တာက ၃ ရက်နေ့ကစပြီး ယနေ့အချိန်ထိပေါ့၊ သူတို့ထုတ်လိုက်တာက ၃ ယောက် ပြောင်းရွှေ့ခံရတာက ၁၈ ယောက်ဆိုတော့ အားလုံး ၂၁ ယောက်ပေါ့၊ ညှိနှိုင်းနေတဲ့ အခြေအနေကတော့ ဘာမှကို မပြေလည်သေးဘူး၊ ကျွန်မတို့တောင်းဆိုတာက ပြောင်းရွှေ့ခံရတဲ့ ၁၈ ယောက်ကို အရင်အတိုင်းပဲ ပြန်လုပ်ခွင့်ပေးပါ၊ အငြင်းပွားနေတဲ့ကာလကို လစာလုံးဝမဖြတ်ပါနဲ့ ဆိုတဲ့ နှစ်ချက်ပဲ တောင်းဆိုတာ၊ အဲ့ဒါကို စက်ရုံဘက်က လုံးဝမလိုက်လျောပေးနိုင်ဘူးလို့ ပြောတယ်၊ စက်ရုံမှာ အလုပ်လုပ်တာ ၂ နှစ်ရှိသွားပြီ လူမှုဖူလုံရေးဆိုတာလည်းမရှိဘူး၊ တစ်ရက်ပျက်ရင်လည်း တစ်သောင်းဖြတ်ထားတယ်"

အလုပ်ထုတ်ခံရတဲ့ မပပလင်း၊ မမြင့်မြင့်စန်းနဲ့ မအေးသူဇာတို့ သုံးဦးကို အလုပ်ရှင်ဘက်က နစ်နာကြေးအဖြစ် ကျပ်ငွေ တစ်သိန်းတစ်သောင်းသာ ပေးခဲ့တယ်လို့ သိရပါတယ်။

အလားတူ နယူးဒေး အထည်ချုပ်စက်ရုံမှာလည်း တနင်္လာနေ့က စပြီး အလုပ်သမားအခွင့်အရေး အပြည့်အဝ ရရှိဖို့တောင်းဆိုကြတဲ့ အလုပ်သမား (၄၀) ကို အလုပ်ရှင်က စက်ရုံအပြင်ထွက်ခိုင်းတဲ့အတွက် အလုပ်သမား တွေက လှိုင်သာယာမြို့နယ်ရုံးကို သွားရောက်တိုင်ကြားခဲ့ပါတယ်။

မနေ့ကလည်း အဲဒီအလုပ်သမား (၄၀) ကို အလုပ်ရှင်က လုပ်ငန်းခွင်ထဲ အဝင်မခံတဲ့အတွက် စက်ရုံရှေ့မှာ နေခဲ့ရတယ်လို့ သိရပါတယ်။