အလုပ်သမားသမဂ္ဂများ ညီလာခံ ရန်ကုန်မြို့မှာ ကျင်းပ

အလုပ်ရှင်နဲ့ အလုပ်သမားကြား အငြင်းပွားမှု ပြဿနာတွေ ဖြေရှင်းရာမှာ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာတဲ့ အလုပ်ရှင်တွေကို ငွေဒဏ်အပြင် ထောင်ဒဏ်ပါ ချမှတ်အပြစ်ပေးဖို့ လိုအပ်ကြောင်း ဒီနေ့ ကျင်းပတဲ့ အလုပ်သမားသမဂ္ဂများညီလာခံမှာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနေ့ ရန်ကုန်မြို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ အလုပ်သမားသမဂ္ဂများ ညီလာခံမှာ အလုပ်ရှင်နဲ့ အလုပ်သမားကြား အငြင်းပွားမှု ပြဿနာဖြေရှင်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတာတွေကို တိုင်ရီဖိနပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ် မမိုးဝေက အခုလိုပြောပါတယ်။

"မြန်မာနိုင်ငံမှာ အငြင်းပွား ဖြေရှင်းရေး ဥပဒေအရ ခုံသမာဓိကောင်စီမှာတော့ ဗဟိုက အမြင့်ဆုံးပါ၊ခုံသမာဓိကောင်စီတွေရဲ့ အမိန့်ကို မလိုက်နာတာ များပါတယ်။ခုံသမာဓိကောင်စီအမိန့်ကို မနာခံရင် ဒဏ်ငွေက တစ်သိန်းပဲရှိပါတယ်။ဒါကြောင့် ကောင်စီရဲ့ အမိန့်ကိုမနာခံရင် ထောင်ဒဏ်အထိ အပြစ်ပေးဖို့၊အလုပ်သမားတစ်ယောက်ကို အကြောင်းမဲ့ အလုပ်ထုတ်ရန် ထောင်ဒဏ် အလုပ်ရှင်ကို ထောင်ဒဏ် အပြစ်ပေးဖို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်"

အဲ့ဒီညီလာခံမှာ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး၊ အလုပ်သမားဥပဒေ၊ နိုင်ငံတကာအလုပ်သမား အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး၊ အလုပ်ရှင်နဲ့ အစိုးရတာဝန်ယူမှု၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား အငြင်းပွားမှုပြဿနာ စတာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးက အလုပ်သမားသမဂ္ဂကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တဲ့ ဒီညီလာခံကနေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ယာယီ ) ကို အလုပ်အမှုဆောင် ၃၅ ဦးနဲ့ ဖွဲ့စည်းလိုက်တယ်လို့လည်း သိရပါတယ်။