အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား ကျပ် ၄၈၀၀ ကို မန္တလေးတိုင်းအခြေစိုက် အလုပ်သမားအဖွဲ့အစည်း ၂ခုက ကန့်ကွက်ထားတယ်လို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဝင် ဦးဝင်းဇော် က ဒီနေ့ ပြောပါတယ်။
မန္တလေးတိုင်း အခကြေးငွေကော်မတီထံကို ကန့်ကွက်လွှာ၂စောင်ရောက်ရှိနေတာဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်တွေက ပြန်လည်စိစစ်သွားမှာဖြစ်တယ်လို့ ဦးဝင်းဇော် က ပြောပါတယ်။
"မန္တလေးတိုင်းက အဖွဲ့အစည်း နှစ်ခုဆိုတာက အခြေခံသမဂ္ဂအနေနဲ့တစ်ခု အဖွဲ့ချုပ်အနေနဲ့ တစ်ခုလား အဲဒါက မသေချာဘူး ကန့်ကွက်လွှာတင်ထားတာတွေ့တယ်။ အဓိက သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည် နယ်တွေမှာ အဓိကထားပြီးဖြေရှင်းရမယ် မန္တလေးတိုင်းကတင်တာဆို မန္တလေးတိုင်း အခကြေးငွေကော် မတီက ဦးစားပေး ဖြေရှင်းသွားမယ် ပြီးတော့မှ အမျိုးသားကော်မတီကို မိတ္တူပေးပို့ရမယ်"
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအမျိုးသားကော်မတီက အနိမ့်ဆုံးလုပ်ခလစာကို တစ်ရက် ၄၈၀၀ ကျပ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က သတ်မှတ် အဆိုပြုခဲ့တာဖြစ်ပါတယ်။
အဲဒီအဆိုပြုနှုန်းထားကို ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပြီး နှစ်ပတ်အတွင်း ပုံစံဖြည့်စွက် ကန့်ကွက်နိုင်ကြောင်း ကြေညာထားတာဖြစ်ပါတယ်။
စတင်ကြေညာချိန်ကနေ ဒီနေ့အထိ တစ်ပတ်အတွင်း အလုပ်သမားအဖွဲ့ နှစ်ခုကသာ ကန့်ကွက်လွှာပေးပို့ထား တာဖြစ်ပြီး ကန့်ကွက်သူတွေက အနည်းဆုံးအခကြေးငွေကို တစ်ရက် ၅၆၀၀ ကျပ် သတ်မှတ်ပေးဖို့ တောင်းဆို ထားကြပါတယ်။
ကော်မတီအနေနဲ့ အဲဒီကန့်ကွက်ချက်တွေ အဆိုပြုချက်တွေအပေါ် လေ့လာစိစစ်ပြီး ရက်ပေါင်း ၆၀ အတွင်း ဖြေရှင်း ကာ အစိုးရထံ အတည်ပြုနှုန်းထားတစ်ရပ် ပြန်လည်ပေးပို့ရမှာဖြစ်ပါတယ်။
အနည်းဆုံးအခကြေးငွေနှုန်းထား သတ်မှတ်နိုင်ရေး သဘောထားစစ်တမ်းတွေ ကောက်ယူရာမှာ အလုပ် သမားတွေဘက်က ၅၆၀၀ ကျပ် သတ်မှတ်ပေးဖို့ တောင်းဆိုထားတာဖြစ်ပြီး အလုပ်ရှင်တွေဘက်က ၄ထောင်ကျော် သတ်မှတ်ပေးနိုင်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
