အလုပ်သမားတွေ ဆန္ဒပြမှု ဆက်ဖြစ်နေ

ရန်ကုန်တိုင်း၊ ရွှေပြည်သာစက်မှုဇုန်၊ လှိုင်သာယာစက်မှုဇုန်တွေမှာရှိတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေက အလုပ်သမား(၃၀၀) နီးပါးဟာ ရွှေပြည်သာစက်မှုဇုန်၊ အောင် ကြွေပြား စက်ရုံရှေ့ကနေ ရွှေပြည်သာ ကုန်းထိပ်အထိ အောက်တိုဘာလ ၂၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိဖို့၊ အာစီယံ (ASEAN) စံနှုန်းအတိုင်း လုပ်ခလစာတိုးမြှင့်ရရှိဖို့ ၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား ချုပ်ဆိုထားတဲ့ စာချုပ်တွေအပေါ် တရားဥပဒေအတိုင်း လိုက်နာဆောင်ရွက်ပေးဖို့ စတဲ့ တောင်းဆိုချက်တွေကို ဆန္ဒပြတောင်းဆိုကြတာပါ။

ခိုင်ခိုင်စန္ဒာ ကားစက်ရုံ အလုပ်သမားသမဂ္ဂ၊ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားသမဂ္ဂ၊ good family အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ၊ စတဲ့ စက်ရုံတွေက အလုပ်သမား သမဂ္ဂအဖွဲ့ဝင် အလုပ်သမားတွေ စုပေါင်းပြီး ဆန္ဒပြကြတာပါ။

အောက်တိုဘာ(၂၁)ရက်နေ့ကလည်း ဒဂုံဆိပ်ကမ်းစက်မှုဇုန်က အလုပ်သမား (၂၀၀) ကျော်ဟာ လုပ်ငန်းခွင် ကောင်းမွန်ရေး ၊ လုပ်ခလစာ တိုးမြှင့်ပေးရေး အတွက် တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။