ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်မှာရှိတဲ့ ဟုန်ရှင်း ငါးအအေးခန်းစက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင် ၂ ဦးကို အလုပ်ပြန်ခန့်ဖို့အတွက် အလုပ်သမား ၁ဝဝ ကျော် ဒီကနေ့ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
အလုပ်သမားခေါင်းဆောင်နှစ်ဦးကို ပြန်ခန့်ဖို့ ဆန္ဒပြတောင်းဆိုနေတာ ဒီနေ့နဲ့ပါဆိုရင် တပတ်ကျော်သွားပြီလို့ ဆန္ဒပြအလုပ်သမတစ်ဦးဖြစ်တဲ့ မသဲစုလှိုင်က RFA ကို အခုလို ပြောပါတယ်။
“နှာခေါင်းစည်းလေးဖြုတ်ပြီး အသက်ရှူမိတာက ပြဿနာစခဲ့တာပါ၊ ကလေးတွေကိုခေါ်ပြီးတော့ လက်မှတ်ထိုးခိုင်းတယ်၊ ခေါင်းဆောင်တွေက သွားပြီးညှိပေးတယ်ပေါ့နော်၊ သူတို့က အဲဒါကိုလက်မခံဘဲနဲ့ ကျမတို့ခေါင်းဆောင်တွေကို မောင်းထုတ်ခဲ့ပါတယ်၊ အလုပ်လည်းထုတ်ခဲ့ပါတယ်၊ အဲဒါကနေစပြီးတော့ ဆန္ဒပြခဲ့တာပါ”
အလုပ်သမားတွေအနေနဲ့ အလုပ်ထုတ်ခံရတဲ့ ခေါင်းဆောင်တွေကို အလုပ်ပြန်ခန့်ဖို့၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေကို ဥပဒေအရ ခံစားခွင့်ပေးဖို့၊ အစိုးရကသက်မှတ်ထားတဲ့ အလုပ်ချိန်အတိုင်း သက်မှတ်ပေးဖို့နဲ့ စက်ရုံအလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီအဖွဲ့နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေကို လုပ်ငန်းရှင်တွေဖက်က အသိအမှတ်ပြုပေးဖို့ စတဲ့အချက်တွေအပါအဝင် အချက် ၁ဝ ချက်ကို တောင်းဆိုထားကြပါတယ်။
အဲဒီတောင်းဆိုချက်တွေထဲက အချက် ၇ ချက်ကို အလုပ်ရှင်ဖက်က လိုက်လျောပေးခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် အလုပ်သမားတွေ တောင်းဆိုထားတဲ့ အလုပ်သမားခေါင်းဆောင်နှစ်ဦးကို ပြန်မခန့်နိုင်ကြောင်း၊ အစိုးရသတ်မှတ်တဲ့ အလုပ်ချိန်အတိုင်း စက်ရုံကအသိအမှတ်မပြုနိုင်ကြောင်းနဲ့ အလုပ်သမားတွေအပေါ် မောက်မာစွာဆက်ဆံခဲ့သူ ဝန်ထမ်းတွေကို အလုပ်ထုတ်ပေးဖို့ တောင်းဆိုတာကို မလိုက်လျောနိုင်ကြောင်း အလုပ်ရှင်က ပြောဆိုတယ်လို့ သိရပါတယ်။
အလုပ်သမားတွေအနေနဲ့ သူတို့တောင်းဆိုထားတဲ့ အချက်အားလုံး လိုက်လျောတဲ့အထိ ဆက်လက်ဆန္ဒပြ တောင်းဆိုသွားကြမယ်လို့ ပြောပါတယ်။
