အလုပ်သမားထု တောင်းဆိုချက်များ အငြင်းခံရ

အခြေခံလစာ တိုးမြှင့်ပေးရေး တောင်းဆိုဆန္ဒပြနေကြတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာက Yangon Crown သံမဏိစက်ရုံ အလုပ်သမားတွေရဲ့တောင်းဆိုချက်ကို ကုမ္ပဏီအနေနဲ့ လိုက်လျောပေးမှာ မဟုတ်ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

သံရည်ကျိုစက်ရုံ အလုပ်သမားတွေက တစ်လ ကျပ်လေးသောင်း ပေးဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့က တောင်းဆိုခဲ့တာကို ကုမ္ပဏီက ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။

ဒီအလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနနဲ့ မှော်ဘီမြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက ကြားဝင် စေ့စပ်ပေးခဲ့ကြောင်းလည်း သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမားတွေက သက်ဆိုင်ရာဌာနတွေနဲ့ ILO ကို တင်ပြသွားမှာဖြစ်သလို ဆက်လက်ပြီး တောင်းဆို ဆန္ဒပြသွားမယ်လို့ သိရပါတယ်။

ဒီအတောအတွင်းမှာပဲ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က Hi-Mo ဆံပင်တုစက်ရုံက အလုပ်သမား ဝန်ကြီးဌာန၊ အလုပ်ရှင်နဲ့ အလုပ်သမား သုံးပွင့်ဆိုင် သဘောတူထားတဲ့ စာချုပ်ကို အလုပ်ရှင်က တရားဝင်မဟုတ်ကြောင်း ငြင်းဆိုလိုက်တဲ့အတွက် အလုပ်သမားတွေက ဒီကနေ့ ထပ်မံဆန္ဒပြခဲ့ကြပါတယ်။

မေလ ၈ ရက်နေ့ကစပြီး အခြေခံလစာ တိုးမြှင့်ပေးရေး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ မေလ ၁၀ ရက်နေ့မှာ စက်ရုံတာဝန်ရှိသူနဲ့ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ညှိနှိုင်းပြီး လစာ ကျပ် သုံးသောင်း တိုးမြှင့်ပေးရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။

ဒီသဘောတူစာချုပ်ကို တရားဝင်မဟုတ်ကြောင်း ပြန်လည်ချုပ်ဆိုရမှာ ဖြစ်ကြောင်း အလုပ်ရှင်က မေလ ၁၇ ရက်နေ့က ငြင်းဆိုခဲ့တဲ့အတွက် ထပ်မံပြီး ဆန္ဒပြခဲ့ကြပါတယ်။ လက်ရှိ အသစ်ရောက်ရှိလာတဲ့ ကိုးရီးယားအလုပ်ရှင်က အလုပ်သမားတွေကို အခြေခံလစာ ကျပ်တစ်သောင်းခွဲနဲ့ စာချုပ်ချုပ်ဆိုဖို့ တိုက်တွန်းခဲ့ပေမဲ့ အလုပ်သမား ကိုယ်စားလှယ်တွေက သဘောမတူတဲ့အတွက် စက်ရုံထဲမှာပဲ ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် လှိုင်သာယာစက်မှုဇုန် အတွင်းက နောက်ထပ် အထည်ချုပ်စက်ရုံ နှစ်ရုံကလည်း အလုပ်သမား အခြေခံရပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဆန္ဒပြ တောင်းဆိုနေကြောင်း၊ ဆန္ဒပြနေတဲ့စက်ရုံ စုစုပေါင်း (၁၀) ရုံရှိသွားပြီ ဖြစ်ပါတယ်။