တိုင်းဝန်ကြီးချုပ်ဆီ စာရေးတိုင်တန်းခဲ့သူ အလုပ်သမားများ ခြိမ်းခြောက်ခံရ

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဆီ စာရေးတိုင်တန်းခဲ့တဲ့ ဇောတိကဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းက အလုပ်သမားတွေကို ရေဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး၊ လဝကဦးစီးမှူး၊ သမဝါယမဦးစီးမှူးတို့က မနေ့က လာရောက် စစ်ဆေးပြီး စာတင်တဲ့အလုပ်သမားတဦးချင်းစီကို လက်မှတ်ထိုးခိုင်းလို့ မကျေမနပ် ဖြစ်နေကြပါတယ်။

လာရောက်စစ်ဆေးခဲ့သူတွေဟာ အလုပ်သမားတွေကိုကိုယ်စားပြုတဲ့ ခေါင်းဆောင် ၆ ဦးနဲ့ တခြား အလုပ်သမား ၂၀ လောက်ကိုလဲ တဦးချင်းစီကို ခေါ်ယူစစ်ဆေးကြောင်း၊ ဝန်ကြီးချုပ်ဆီကို စာတင်တဲ့ထဲ ပါ မပါ ဆိုတာကို လက်မှတ်လဲ ထိုးခိုင်းခဲ့ကြောင်း။ အဲဒီလိုမေးမြန်းရာမှာလဲ လူအများရှေ့မေးတာမျိုးမဟုတ်ဘဲ တယောက်ချင်း သီးသန့်မေးမြန်းကြောင်း အလုပ်သမားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုလွင်ညီညီရွှေက ပြောပါတယ်။

"သူမေးတဲ့အချိန်မှာ ကျနော်တို့ ကန်ဘောက် ရယကရုံးက တာဝန်ရှိတဲ့သူတွေအကုန်လုံး အပြင်ထွက်ပေးဖို့ သူက ပြောတယ်။ ကျနော်တို့ ကိစ္စဖြေရှင်းပေးချင်တယ်ဆိုရင် PTT ရုံးမှာဖြေရှင်းပေးတာက ပိုပြီးသင့်လေ ျှာ် တယ်လို့ ထင်တာပေါ့ ... အခုဟာက အမှုစစ်သလိုမျိုးပေါ့နော် ... ရယက ရုံးခေါ်ပြီးတော့ တယောက်ချင်းစစ်တာ သိပ်ပြီး သဘာဝမကျဘူးပေါ့"

. ရေဖြူမြို့နယ် ကန်ဘောက်ဒေသက ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ထိုင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ဗဏီတခုဖြစ်တဲ့ PTT ကုမ္ဗဏီက တာဝန်ယူလုပ်ကိုင်နေတာပါ။ စီမံကိန်းအလုပ်သမား တွေကိုတော့ Asia Guiding Star Co.ltd က ရှာဖွေပေးခဲ့တာပါ။

အလုပ်သမားတွေဟာ တနေ့ကို လုပ်အားခ ကျပ် ၄၀၀၀ သာရပြီး ကန်ဘောက်ဒေသက အခုစီမံကိန်းနှင့် လုပ်ငန်းတူ တခြားကုမ္ပဏီ နှစ်ခုဖြစ်တဲ့ TOTAL နှင့် PETRONAS ကုမ္ပဏီအလုပ်သမားတွေကတော့ နေ့စား လုပ်ခ အနိမ့်ဆုံး ၁၀၄၀၀ ကျပ်ရတာကြောင့် အလုပ်သမားတွေ လုပ်အားခတန်းတူရရှိရေး၊ ခွင့်ရက်၊ လုပ်ငန်းခွင်လုံခြုံရေးဝတ်စုံ၊ လုပ်ငန်းတွင်းသောက်သုံးရေရရှိရေး စတာတွေအတွက် တနင်္သာရီတိုင်း ဝန်ကြီးချုပ်အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးဖို့ အလုပ်သမား ၄၁ ဦးက ပြီးခဲ့တဲ့အပတ်က စာရေးတောင်းဆိုထားတာပါ။

လွန်ခဲ့တဲ့ ၂ ပတ်ကျော်ကလဲ အလုပ်သမားခံစားခွင့် များအတွက် ပိုက်လိုင်းစီမံကိန်းအလုပ်သမားတွေ ဆန္ဒပြခဲ့ကြပါသေးတယ်။