အလုပ်သမားသမဂ္ဂအဖွဲ့ဝင်နှစ်ဦး အလုပ်ပြန်ခန့်ရေး ဆက်လက် ဆန္ဒပြ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ဟုန်ရှင်းအအေးခန်းစက်ရုံက အလုပ်သမားတစ်ရာကျော်ဟာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်နှစ်ဦးကို အလုပ်ပြန်ခန့်ဖို့နဲ့ စက်ရုံတာဝန်ရှိသူ ၄ ဦးကို အလုပ်က ထုတ်ပေးဖို့တောင်းဆိုကြပြီး ဒီနေ့ ဟုန်ရှင်းစက်ရုံကနေ မင်းကြီးမဟာမင်းခေါင်လမ်းအထိ လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။

အလုပ်သမားတွေ တောင်းဆိုထားတဲ့ အဲဒီအချက် ၂ ချက်ကို စက်ရုံတာဝန်ရှိသူတွေ လက်ခံတဲ့အထိ တောင်းဆိုသွားမယ်လို့ အလုပ်ထုတ်ခံထားရတဲ့ စက်ရုံအလုပ်သမားသမဂ္ဂ ဥက္ကဌ ကိုမင်းမင်းက ပြောပါတယ်။

"ဖွဲ့စည်းပုံ စည်းမျဉ်းအရ ကျွန်တော်တို့ဘက်က ခိုင်ခိုင်မာမာ ပြောနိုင်ပြနိုင်ပါရဲ့သားနဲ့ ကျွန်တော်တို့ အပေါ်မှာ ကာကွယ်ပေးဖို့ မရှိတဲ့ အတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်"

ဆန္ဒပြအလုပ်သမားတွေက အလုပ်သမားထု သွေးစည်းညီညွတ်ရေး၊ အလုပ်သမားသမဂ္ဂ ဖြိုခွင်းတာတွေရပ်တံ့ရေး၊ အလုပ်သမားတွေ တန်းတူအခွင့်အရေးရရှိရေး၊ အလုပ်ထုတ်တာတွေ ရပ်ဆိုင်းရေး၊ ဥပဒေပါ အခွင့်အရေးတွေ ခံစားခွင့်ရှိရေးစတဲ့ အချက်တွေကို ကြွေးကြော်ခဲ့ပါတယ်။

ဟုန်ရှင်းအအေးခန်းစက်ရုံမှာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်နှစ်ဦးကို အလုပ်ထုတ်လိုက်တာအပြင် တခြားခံစားခွင့် အငြင်းပွားမှုတွေကြောင့် အခုလ ၁ဝ ရက်နေ့ကစပြီး အလုပ်မဆင်းဘဲစက်ရုံတွင်းမှာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

အလုပ်သမားတွေက အလုပ်ရှင်နဲ့ အလုပ်သမားသဘောတူစာချုပ်ပါ အချက် ၁ဝ ချက်ကို တောင်းဆိုခဲ့ရာ အလုပ်ရှင်ဖက်က အချက် ၈ ချက်ကို လိုက်လျောပေးခဲ့ပေမယ့် အလုပ်ထုတ်ခံရသူ အလုပ်သမားနှစ်ဦးကိုပြန်ခန့်ဖို့ ငြင်းဆိုနေတယ်လို့ ဆိုပါတယ်။

အလုပ်ထုတ်ခံရသူတွေကတော့ အလုပ်သမားသမဂ္ဂ ဥက္ကဌ ကိုမင်းမင်းနဲ့ သမဂ္ဂအဖွဲ့ဝင် ကိုဘိုတင့်တို့ဖြစ်ပြီး သူတို့ကို မူလတာဝန်အတိုင်း အလုပ်ပြန်ခန့်ဖို့ တောင်းဆိုနေကြတာပါ။