ဒီကနေ့မှာ အလုပ်သမား ၇၀ ကျော်ဟာ စက်ရုံမှာ အလုပ်ဆင်းဖို့သွားရောက်တာကို စက်ရုံဘက်က ဝင်ခွင့်မပြုဘဲ အလုပ်ထုတ်လိုက်တဲ့အကြောင်း အသိပေးပြောကြားလိုက်တဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမားတွေက မကျေနပ်ကြဘူးလို့ အလုပ်သမားခေါင်းဆောင် ဒေါ်သန်းသန်းဦးက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က အရည်အသွေး စစ်ဆေးရေးဌာနက အလုပ်သမား ၁၉ ဦးကို တခြား အလုပ်ဌာနတစ်ခုကို ပြောင်းရွှေ့လိုက်တာနဲ့ ပတ်သက်ပြီး အလုပ်သမားတွေဖက်က မကျေနပ်တဲ့အတွက် ဌာနတူ အလုပ်သမား ၇၀ ကျော်ဟာ အဲဒီနေ့မှာပဲ စက်ရုံတွင်းမှာ အလုပ်မလုပ်ဘဲ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
အဲဒီတောင်းဆိုမှုနဲ့ ပတ်သက်ပြီး မြို့နယ်အလုပ်သမားဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ အလုပ်ရှင်ကိုယ်စားလှယ်ဝန်ထမ်းတွေက ဆန္ဒပြတောင်းဆိုခဲ့တဲ့ အလုပ်သမားခေါင်းဆောင် ၆ ဦးကို ခေါ်ယူပြီး စာရွက်အလွတ်မှာ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။
အလုပ်သမားတွေဟာ အခုလို အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခံရတာကို မကျေနပ်တဲ့အတွက် တိုင်းအလုပ်သမားရုံးအထိ တိုင်ကြားသွားမယ်လို့ ဆိုပါတယ်။ အဲဒီ ကိုရီးယားနိုင်ငံသားပိုင် မြန်မာဟေးဝေး အထည်ချုပ်စက်ရုံမှာ အလုပ်သမားပေါင်း ၁၈၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။