နိုင်ငံရေးဆိုင်ရာ မူဘောင်ဆွေးနွေးပွဲ ချင်းမိုင်မြို့မှာဖွင့်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးခဲ့ ရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ဆွေးနွေးနိုင်ဖို့ အတွက် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်အလုပ် ရုံဆွေးနွေးပွဲကို ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Win Place Hotel မှာ ကျင်းပနေပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ၂၀ ကျော် တက်ရောက်နေပြီး နိုင်ငံခြားသား ပညာရှင်တွေနဲ့အတူ ဒီအလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေတာနဲ့ ပတ်သက်လို့ ဦးဆောင်ကျင်းပ သူဖြစ်တဲ့ NCCT တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက အခုလိုပြောပါတယ်။

“တကယ်လို့ ကျနော်တို့ အပစ်ရပ်ပြီးရင် အစိုးရအဖွဲ့နဲ့ နိုင်ငံရေးဆွေးနွေးဖို့ တက်လှမ်းမယ်ဆိုတော့ အဲ့ဒီ နိုင်ငံရေးဆွေးနွေးပွဲ အတွက်ပေါ့ဗျာ၊ ဘယ်အချက်အလက်တွေကို ကျနော်တို့ဆွေးနွေးမလဲ။ ဘယ်သူတွေပါမလဲ၊ အဲ့ဒီ အစီအစဉ်တွေကို ချမှတ်ဖို့ပေါ့ဗျား၊ တစ်ယောက်တော့ ပါတယ်၊ နိုင်ငံခြားက ပညာရှင်လေ၊ တောင်အာဖရိကက သူက သူ့အတွေ့အကြုံတွေကို သူချပြပေးတာပေါ့ဗျာ၊ အရေးကြီးတဲ့ဟာတွေပေါ့ဗျာ၊ ဆွေးနွေးရမယ့် အချက်အလက်တွေက အများကြီးကိုး၊ အဲ့ဒါကို ရှာကြတယ်၊ နောက် အဲ့ဒီ စကားပြောတဲ့ပွဲမှာ ဘယ်ဘက်က ကိုယ်စားလှယ်တွေကို ဘယ်လိုရွေးမလဲ၊ ဘယ်နှစ်ဦးစီတက်မလဲ စသည်ဖြင့်ပေါ့လေ အချိုးနှုန်းနဲ့ စသဖြင့် ဒါတွေကိုလည်း ဆွေးနွေးရတာပေါ့ဗျာ”

ဒီအလုပ်ရုံဆွေးနွေးပွဲကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ဦးဆောင်ကျင်းပနေတာဖြစ်ပြီး နိုင်ငံတကာ တတ်သိပညာရှင်တွေနဲ့ သုံးရက်ကြာဆွေးနွေးသွားမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဦးနိုင်ဟံသာက အခုလို ဆက်ပြောပါတယ်။

“နိုင်ငံရေး ဆွေးနွေးတယ်ဆိုတဲ့နေရာမှာ ကျနော်တို့ ဒီလက်ရှိဖွဲ့စည်းပုံ ရှိနေတယ်ဟုတ်လား၊ အဲ့ဒါကို ဘယ်လို ပြုပြင်ပြောင်းလဲကြမလဲပေါ့ဗျာ၊ ကိုယ်လိုချင်တဲ့ အနာဂတ် နိုင်ငံရေးဖွဲ့စည်းပုံကို အဲ့ဒါ ဆွေးနွေးခွင့်ရဖို့အဲ့ဒါ ဘယ်လိုပြင်ဆင်ကြမလဲဆိုတဲ့ ပုံစံမျိုး၊ နောက် ဆက်စပ်ပြီးတော့ပေါ့လေ၊ အဲ့ဒီ စီးပွားရေးတို့ရော၊ စစ်ရေးတို့ရော။ ဒါတွေလည်း အားလုံး ဆွေးနွေးရတာပေါ့ဗျာ၊ ဒါတွေက အားလုံးပါဝင်ဖို့ သင့်တယ်ဆိုတဲ့ အကြောင်းအရာတွေ ပါတာပေါ့ဗျာ”

အလားတူပဲ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကလည်း တပြည်လုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာက တတ်သိပညာရှင်တချို့ဟာ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ကျင်းပခဲ့ပါသေးတယ်။