ကမ္ဘာ့ဘဏ်ဘက်စုံ ရင်းနှီးမြှုပ်နှံမှု အာမခံအဖွဲ့ထဲ မြန်မာဝင်ပြီ

မြန်မာနိုင်ငံ မွန်ပြည်နယ်မှာ တည်ဆောက်မယ့် လျှပ်စစ်ဓာတ်အားပေးစက်ရုံသစ်အတွက် ကမ္ဘာ့ဘဏ်အုပ်စုက ငွေချေးငှားမယ့် သဘောတူစာချုပ်ကို စနေနေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

၁ဝ၆ မက်ဂါဝပ် ထုတ်လုပ်မယ့် ဓာတ်အားပေးစက်ရုံသစ် တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၄ဝ အတိုးမဲ့ချေးငှားမယ့် သဘောတူစာချုပ်ကို ကမ္ဘာ့ဘဏ်အုပ်စု ဥက္ကဌ Jim Yong Kim နဲ့ မြန်မာအစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်၊ ကမ္ဘာ့ဘဏ် အရှေ့အာရှ ပစိဖိတ်ဒေသ ဒု ဥက္ကဌ တို့ ဝါရှင်တန်ဒီစီမှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

လက်မှတ်ရေးထိုးပွဲမှာ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ MIGA ခေါ် ဘက်စုံရင်းနှီးမြှုပ်နှံမှု အာမခံအေဂျင်စီရဲ့ တင်းပြည့်အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံကို အဆင့်တိုးမြှင့် သတ်မှတ်လက်ခံလိုက်တဲ့စာချုပ်ကိုလည်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန် လက်မှတ်ရေးထိုးခဲ့ပါတယ်။

MIGA အဖွဲ့ဝင်ဖြစ်သွားတာကြောင့် မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအပေါ် နိုင်ငံရေးမတည်ငြိမ်မှုကြောင့်ဖြစ် လာနိုင်တဲ့ အန္တရာယ်တွေကို MIGA က တရားဝင် အာမခံပေးနိုင်ပြီဖြစ်ပါတယ်။

MIGA အာမခံမှာ ငွေပြောင်းငွေလွှဲ ထိန်းချုပ်ကန့်သတ်ခံရတာ၊ လုပ်ငန်းကန်ထရိုက်စာချုပ် ဖောက်ဖျက်ခံရတာ၊ စစ်ဘေးနဲ့ ပြည်တွင်းမငြိမ်သက်မှုဘေးစတဲ့ အန္တရာယ်တွေကနေ ကာကွယ်ပေးရေးတွေ ပါဝင်ပါတယ်။

အလားတူ တခြားနိုင်ငံတွေမှာ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း အကာအကွယ်ပေးမှာဖြစ်ပါတယ်။ ဒီအတွက် မြန်မာက MIGA ကို ကျသင့်တဲ့အာမခံကြေးငွေ ပေးပြီးတာနဲ့ MIGA အဖွဲ့ဝင်ဖြစ်သွားမယ်လို့ သိရပါတယ်။