မြန်မာနိုင်ငံကို နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ လျှော့ပေးလိုက်ပြီးနောက်ပိုင်း ကမ္ဘာ့ဘဏ်က နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၄၄၀ ထုတ်ချေးပေးလိုက်တယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ပြောလိုက်ပါတယ်။
နေပြည်တော်၊ သင်္ဂဟဟိုတယ်မှာ ဒီကနေ့ကျင်းပတဲ့ ကမ္ဘာ့ဘဏ်အုပ်စုနဲ့ မြန်မာအစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ဝန်ကြီး ဦးစိုးသိန်းက သတင်းထောက်တွေကို အခုလိုပြောကြားလိုက်တာပါ။
“ကမ္ဘာ့ဘဏ်အနေနဲ့ ဒေါ်လာသန်း ၄၄၀ အတိုးနှုန်းသက်သာစွာနဲ့ ချေးပေးလိုက်တယ်၊ ဒို့အကြွေးကလည်း သန်း ၄ဝဝ လောက်ရှိတယ်၊ အကြွေးလေး ခုနှိမ်သွားတာပေါ့၊ အကြွေးအသစ်စတာပါ”
လာမယ့်နှစ်မှာလည်း ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၇၀၀ လောက် ထပ်မံချေးပေးနိုင်လိမ့်မယ်လို့ ထင်မြင်ကြောင်း ဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။ ဒါ့အပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၈၀ အကူအညီပေးခဲ့ကြောင်းလည်းပြောပါတယ်။
ကမ္ဘာ့ဘဏ်ဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်ရေး၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးစတဲ့ စီမံကိန်းတွေကို အစိုးရနဲ့ပူးပေါင်းပြီး ကူညီသွားမယ်လို့သိရပါတယ်။