တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မှာ ထုတ်ပြန်တဲ့ မဲပေးခွင့်ရှိသူစာရင်းတွေမှာ အမည်မပါတာတွေ၊ အချက်အလက် မှားယွင်းတာတွေရှိနေပြီး အဲဒီလိုမှားယွင်းတာတွေဟာ နည်းပညာအခက်အခဲကြောင့် ဖြစ်တယ်လို့ မြိတ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အရာရှိက ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ IFES အဖွဲ့က ပေးထားတဲ့ ဆော့ဖ်ဝဲ Software ကို အောက်ခြေအဖွဲ့ခွဲနဲ့ ကော်မရှင်ဗဟိုအဆင့်ကြား အသုံးပြုတာမှာ နည်းပညာအခက်အခဲတွေ ရှိနေတာဖြစ်တယ်လို့ မြိတ်ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးလှိုင်ဘွားက ပြောပါတယ်။
"နည်းပညာ နည်းပညာလို့ ခဏခဏပြောပြန်ရင်လည်း တမျိုးထင်မှာစိုးရတယ်၊ အခု ဒီမှာ ဒုတိယပိုင်း ကြေညာတဲ့ အချိန်မှာ တော်တော်လေး အခက်အခဲရှိတာက တချို့ထည့်ပြီးသား စာရင်းတွေတောင် ပြန်ပျောက်သွားတာရှိ တယ်၊ မွေးသက္ကရာဇ်တွေ မှားတယ်၊ အဲ့ဒါက ကိုယ်တို့စက်ထဲမှာရှိတဲ့ စာရင်းတွေက အမှန်ချည်းပဲ၊ ကိုယ်တို့ Print ထုတ်လိုက်တဲ့အချိန်မှာ ဖြစ်တာများတယ်၊ အဓိက ဒီဆော့ဖ်ဝဲက သူူတို့ဆီမှာလုပ်နေတဲ့ ဆော့ဖ်ဝဲတွေက ပြောရ ရင် Update တွေများတယ်၊ ကိုယ်တို့ဆီမှာသုံးတဲ့ ကွန်ပြူတာတွေရဲ့ System တွေနဲ့ သွားပြီးတော့ တချို့ဟာတွေ ကျတော့ အဲ့လိုချို့ယွင်းချက်တွေ ဖြစ်လာတာပေါ့၊ ကျနော်တို့လည်း အဲ့စာရင်းတွေကို ကောက်တော့ကောက်နေ တယ်၊ ဘယ်နှစ်ယောက် မှားသွားလဲ၊ ဘယ်နှစ်ယောက် ပြန်ကျန်ခဲ့လဲ၊ တချို့တွေက ပြီးခဲ့တဲ့အခေါက် မဲစာရင်း တုန်းက ပါလာတယ်၊ အခုမပါဘူး၊ နာမည်လည်းမပါဘူး၊ အဲ့လိုမျိုးတွေလည်းရှိတယ်"
ဒီတစ်ကြိမ် ထုတ်ပြန်တဲ့မဲစာရင်းမှာ မိသားစုလိုက် နာမည်မပါတာတွေ၊ အရင်ထုတ်ပြန်စဉ်က မဲစာရင်းမှာ ပါပေမယ့် အခုတစ်ကြိမ်မှာ ကျန်ခဲ့တာတွေ၊ မှတ်ပုံတင်နံပါတ်နဲ့ မိဘနာမည် မှားယွင်းတာတွေ ရှိတယ်လို့ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်က ရွေးကောက်ပွဲကော်မရှင်ကလည်း မနေ့က ကော်မရှင်ကသုံးတဲ့ ဆော့ဖ်ဝဲ အားနည်းချက်ကြောင့် ဒီတစ်ကြိမ်မှာ မွေးသက္ကရာဇ်မှားတာ၊ အရင်က မှန်ခဲ့သူတွေ အခုမှားနေတာတွေဖြစ်နေရ တာလို့ RFA ကို ပြောပါတယ်။
လက်ရှိမဲစာရင်းကြေညာတဲ့ မဲစာရင်းမှာ လူနာမည်ကို အက္ခရာစဉ်ပြီး ထုတ်ပြန်တာကြောင့် မဲစာရင်းစစ်ဆေးရာမှာ အခက်အခဲရှိနေတာလည်း ဖြစ်ပါတယ်။
မြိတ်ခရိုင်မှာ ကျွန်းစု၊ ပုလော၊ တနင်္သာရီ နဲ့ မြိတ်မြို့နယ်တို့ပါဝင်ပြီး မဲပေးခွင့်ရှိသူ လေးသိန်းနီးပါးရှိပြီး စုစုပေါင်း မဲရုံပေါင်း ၆၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။
