တစ်နှစ်အတွင်း WY ဆေးပြား အရေအတွက် ၁၈သန်းကျော် ဖမ်းဆီးရမိခဲ့

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ကာလတန်ဖိုးငွေကျပ် ၅၆ ဘီလီယံကျော် တန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြား ၁၈ သန်းကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း က ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ စစ်တွေမြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးသိန်းက မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအခြေအနေနဲ့ တားဆီးနှိမ်နင်းရေးအခြေအနေတွေ ကို မေးမြန်းရာမှာ ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြား ခဲ့တာဖြစ်ပါတယ်။

"စနစ်တကျဖမ်းမိအောင် အစီအစဉ်ဆွဲပြီးတော့ ဆောင်ရွက်လျှက်ရှိသလို အလားတူပဲ အမှုစိစစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ အစိုးရပိုင်အဖွဲ့အနေနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ ကို တင်ပြဆောင်ရွက်သွားမှာဖြစ်ပါတယ်"

၂၀၁၆ ဇန်နဝါရီလကနေ ဒီဇင်ဘာလအတွင်း WY စိတ်ကြွမူးယစ်ဆေးပြားဖမ်းဆီးရမိတဲ့ အမှုပေါင်း ၈၈ မှု ရှိခဲ့ပြီး တရားခံ ၁၄၉ ဦးကို ဖမ်ဆီးနိုင်ခဲ့တယ် လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါးပင် စိုက်ပျိုးထုတ်လုပ်တာမရှိဘဲ ရှိခဲ့ရင်လည်း ဖော်ထုတ်ဖမ်းဆီးမှာ ဖြစ်တယ်လို့ ဝန်ကြီး ဦးကျော်အေးသိန်း က ပြောပါတယ်။

မူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ေဒေသတွေကနေတစ်ဆင့် ရခိုင်ပြည်နယ်ကို ရောက်ရှိလာကြ တာဖြစ်ပြီး စစ်တွေမြို့မှာ မူးယစ်ဆေးဝါးရောင်းချသူတွေဟာ ပေါ်ပေါ်ထင်ထင် ရောင်းချနေကြတာဖြစ်တယ် လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။