ကျောင်းသားတွေ နိုင်ငံရေး လှုပ်ရှားမှုတွေ မပါဝင်ဖို့ ရမည်းသင်းတက္ကသိုလ် ပိတ်ပင်

0:00 / 0:00

ကျောင်းသားတွေ နိုင်ငံရေးဆူပူမူမှာ ပါဝင်ပတ်သက်ပါက ကျောင်းထုတ်တဲ့အထိ အရေးယူမယ်လို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန စက်မူနှင့် သက်မွေးပညာဦးစီးဌာန နည်းပညာတက္ကသိုလ် ရမည်းသင်းက ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒီကြေညာချက်ဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကပြုလုပ်တဲ့ ဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမူကော်မတီ အစည်းအဝေး ၈/၂၀၁၄ သဘောတူ ဆုံးဖြတ်ချက်အရ ဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်သိပ္ပံရှိ ကျောင်းသားကျောင်းသူတွေအတွက် ထုတ်ပြန်လိုက်တာလို့ ကြေငြာထားပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ရမည်းသင်း နည်းပညာတက္ကသိုလ် မော်ကွန်းထိန်း ဒေါ်ခိုင်ခိုင်ရှိန်ကို မေးကြည့်တဲ့အခါမှာ ခုလိုပြောပါတယ်။

"ကျနော်တို့ကျောင်းက ထုတ်တာမဟုတ်ဘူး၊ ဦးစီးကထုတ်တာပါ၊ အဲဒီနေ့ကမှစာထုတ်တော့ ကပ်ပေးပါဆိုလို့ ကပ်ပေးတာပဲရှိတယ်"

ကြေငြာချက်မှာ ဆူပူလှုပ်ရှားမူများမှာ အထိမ်းသိမ်းခံရပြီး တရားရုံးက အပစ်ပေးခံခြင်း၊ လှုပ်ရှားမူမှာ ခေါင်းဆောင်အဖြစ်ပါဝင်တာ၊ နောက်လိုက်အဖြစ် ပါဝင်တာအပြင် လှုံ့ဆော်သူများကို ကျောင်းထုတ်တဲ့အထိ အရေးယူမယ်လို့ ထုတ်ပြန်ထားသလို ခြိမ်းခြောက်ဆွဲဆောင်မူကြောင့် လှုပ်ရှားမူမှာပါဝင်သူကို ပြင်းထန်စွာသတိပေးမယ်လို့ ဆိုပါတယ်။ ဒီကြေငြာချက်ဟာ လတ်တလော ရမည်းသင်း နည်းပညာတက္ကသိုလ်တခုထဲမှာဘဲ ကြေငြာတာဖြစ်တယ်လို့ ရမည်းသင်းနည်းပညာ ဗကသအတွင်းရေးမှူး ကိုအောင်ထက်နိုင်က ပြောပါတယ်။

"ကြော်ငြာသင်ပုန်းမှာလည်းကပ်တယ်၊ တချို့စာသင်ခန်းထဲအထိ စည်းကမ်းချက်တွေကို ကပ်ပြပြီးတော့ ကျောင်းသားတွေကို သတိပေးတာမျိုးရှိတယ်၊ စည်းကမ်းချက်ထဲမှာ ရေးထားတာက နိုင်ငံရေးဆူပူမှုလို့ပြောတယ်၊ ကျနော်တို့ယူဆတဲ့ ဆူပူမှုဆိုတာက သူတပါးပစ္စည်းတွေကို ဖျက်ဆီးတယ် နောက်မီးရှို့တယ်၊ ရိုက်တယ်၊ နှက်တယ်၊ ဒါတွေကို ဆူပူမှုလို့ ကျနော်တို့ကယူဆတယ်၊ အဲလိုမဟုတ်ပဲနဲ့ နိုင်ငံရေးလုပ်ရင်ကိုပဲ ကျောင်းကနေထုတ်ပယ်နိုင်တဲ့ သဘောမျိုးသူတို့ရှင်းပြတာရှိတယ်"

ဒီထုတ်ပြန်တဲ့ ကြေငြာချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရဟာ ကျောင်းသားတွေကို နိုင်ငံရေးကင်းရှင်းဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာပြည်တွင်းထုတ် စာနယ်ဇင်းတွေကို ကိုးကားပြီး ထိုင်းနိုင်ငံမှာ ဒီနေ့ထုတ်ဝေတဲ့ Bangkoko Post သတင်းစာမှာလည်း ရေးသားထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး RFA အဖွဲ့သား ဦးတင်အောင်ခိုင် စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။