နောက်ကြောင်းပြန်လှည့်မှု ရှောင်ဖို့ ကုလ အရာရှိ ပြော


2014.07.28
yangheeLee-305 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အသစ် Yanghee Lee ပုံ
Photo: Yanghee Lee Twitter

မြန်မာအစိုးအနေနဲ့ လက်ရှိတိုးတက်ပြောင်းလဲမှုတွေ ကနေ နောက်ပြန်ဆုတ်တဲ့ လုပ်ဆောင်မှုတွေကို ရှောင် ကျဉ်ဖို့ ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီက တိုက်တွန်းလိုက်ပါ တယ်။ မြန်မာနိုင်ငံကို ၁ဝ ရက်ကြာသွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂဌာနချုပ်က ဇူလိုင်လ ၂၈ ရက် မနေ့က ကြေညာချက်တစ်စောင်ထုတ်ပြန် ခဲ့ရာမှာ သူမရဲ့ တိုက်တွန်းချက်ကို အခုလို ဖေါ်ပြထား တာဖြစ်ပါတယ်။

ယန်ဟီလီက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ချီးမွမ်းတဲ့အနေနဲ့ မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း အစိုးရအဖွဲ့သစ်တစ်ခုကို အခြေချ ထူထောင်ခဲ့ပြီး ရှည်လျှားတဲ့ ခရီးတစ်ခုကို လျှောက် လှမ်းနိုင်ခဲ့ပြီးပါပြီ။ အဲဒီကျော်ဖြတ်မှုတွေကို မုချ အသိအမှတ်ပြု၊ သြဘာပေးရမှာ ဖြစ်ပါတယ်လို့ ပြော ပါတယ်။ တဆက်တည်းမှာပဲ အဲဒီ ဒီမိုကရေစီခရီးလမ်း ကနေ နောက်ကြောင်းပြန်လှည့် သွားနိုင်တဲ့ လက္ခဏာတွေကို စိုးရိမ်ဖွယ် အခုမြင်တွေ့နေရပါတယ်။

အဲဒီအချက်တွေကို ပြန်လည်စစ်ဆေးသုံးသပ်မှု မပြုဘူးဆိုရင် မြန်မာအစိုးရလက်ရှိ ကြိုးပမ်းနေတဲ့ နိုင်ငံတကာ အလယ်မှာ လူ့အခွင့်အရေးကို လေးစားတာဝန်ယူမှုရှိတဲ့ နိုင်ငံတစ်ခုဖြစ်လာရေး ရည်မှန်းချက်တွေကို ထိခိုက်နိုင်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီလီက ဝေဖန်လိုက်ပါတယ်။

ဆက်လက်ပြီး မီဒီယာစာနယ်ဇင်းတွေအပေါ် ကြီးမားတဲ့ပြစ်ဒဏ်ပေးမှုအပါအဝင် အစိုးရရဲ့ လတ်တလော ဖိနှိပ်မှုတွေ ဟာ ယဉ်ကျေးတဲ့ လူ့ဘောင်တစ်ခုဖြစ်တည်ရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ သူမက ထည့်သွင်းပြောကြား ခဲ့ပါတယ်။

လွတ်လပ်စွာ ဆန္ဒသဘောထားဖေါ်ထုတ်ခွင့်၊ လွတ်လပ်စွာဖွဲ့စည်းခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေဟာ မြန်မာ့ ဒီမိုကရေစီရေးအတွက် မရှိမဖြစ်တဲ့လိုအပ်ချက်တွေပါ၊ အထူးသဖြင့် အဲဒီလို လွတ်လပ်ခွင့်တွေမရဘူးဆိုရင် လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်လာနိုင်မှာ မဟုတ်ပါဘူးလို့ Ms. Yanghee Lee က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

တဆက်တည်းမှာပဲ သူက မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ လူမျိုးရေးမုန်းတီးမှုတွေ၊ ခွဲခြားနှိမ့်ချဆက်ဆံမှုတွေနဲ့ ရန်လို မှုတွေပိုမိုကြီးမားအောင် မီဒီယာစာနယ်ဇင်းတွေ၊ ကွန်ပြူတာအင်တာနက်တွေက လှုံ့ဆော်ရေးသား ပြောဆိုနေ ကြတာတွေကို အထူးစိုးရိမ်ကြောင်းနဲ့ လူမှုအသိုင်းအဝန်းအပေါ် သြဇာတိက္ကမ ရှိသူတွေအနေနဲ့ ဒီလိုအမုန်းတရားပွား များအောင် လုပ်ဆောင်မှုတွေကို အတိအလင်း ထုတ်ဖေါ်ရှုံ့ချပြောဆိုသင့်ကြောင်း စသဖြင့်လည်း ကုလ သမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ထုတ်ဖေါ်ပြောကြား လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။