ရခိုင်ပြည်သူအားလုံးကို ကူညီမယ်လို့ ကုလ ကိုယ်စားလှယ် ပြောကြား

0:00 / 0:00

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ရခိုင်ပြည်သူပြည်သား အားလုံး တိုးတက်ပြောင်းလဲဖို့အတွက် ကူညီသွားမယ်လို့ ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေလေဆိပ် ခန်းမဆောင်မှာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ တွေ့ဆုံရာမှာ ပြောတာဖြစ်ပါတယ်။

"ကျွန်မ ဒီကိုလာတာ ရခိုင်ပြည်သူတွေရဲ့ မိတ်ဆွေအစစ်အမှန်တစ်ဦးအနေနဲ့ လာရောက်တာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ လူတိုင်းတိုးတက်ပြောင်းလဲမှုတွေ ရရှိအောင်ဆောင်ရွက်မှာဖြစ်တယ်" ပြောတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အရေး ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးစီးဆောင်ရွက်နေတာကို ဝမ်းသာမိကြောင်းလည်း ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စရပ်တွေကို ဆောင်ရွက်ရာမှာ အားလုံးက ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

Yanghee Lee ဟာ နိုင်ငံသားစိစစ်မယ့်အစီအစဉ်ကို ငြင်းဆိုနေကြတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကာဒီကျေးရွာက မွတ်စလင်တွေနဲ့ တွေ့ဆုံခဲ့သလို ကျောက်တော် မြို့နယ် ပညာဝကျေးရွာက ရခိုင်စစ်ဘေးဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည်တွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ကာဒီကျေးရွာမှာ အစိုးရကထုတ်ပေးနေတဲ့ NVC အစိမ်းရောင်ကဒ်တွေကို ဘာကြောင့် ငြင်းဆန်နေရတယ် ဆိုတာကို တင်ပြခဲ့တယ်လို့ ကာဒီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်နီက ပြောပါတယ်။

ဒါ့အပြင် ကာဒီကျေးရွာမှာနေထိုင်တဲ့ မွတ်စလင်တွေရဲ့ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ အခွင့်အရေးဆုံးရှုံးနေ ရတာတွေကို တင်ပြခဲ့ကြတယ်လို့ လည်း ပြောပါတယ်။ Yanghee Lee ဟာ မနက်ဖြန်မှာ စစ်တွေမြို့ပေါ်က ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်သလို ဒုက္ခသည် စခန်းကိုလည်း သွားရောက် မှာဖြစ်ပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ စစ်တွေမြို့မှာရှိတဲ့ ရခိုင်အမျိုးသားပါတီ ANP နဲ့တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့ပေ မယ့် ANP ပါတီက လက်ခံတွေ့ဆုံမှာ မဟုတ်ကြောင်း ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂနဲ့ လက်အောက်ခံအဖွဲ့တွေအနေနဲ့ ပြည်သူတွေလက်မခံနိုင်တဲ့ "ရိုဟင်ဂျာ"ဆိုတဲ့ စကားလုံးကို တစိုက်မတ်မတ်သုံးစွဲတာ၊ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းတဲ့အခါ မွတ်စလင်တွေဘက်က အသားပေးဖော်ပြ တင်သွင်းတာအပြင် ဆက်လက်တင်သွင်းမယ့် အစီရင်ခံစာဟာ မျှတမှာမဟုတ်ဘူးလို့ ယူဆတာကြောင့် တွေ့ဆုံဖို့ ကမ်းလှမ်းတာကို ငြင်းဆိုတာလို့ကြေညာချက်မှာ ပါရှိပါတယ်။

တွေ့ဆုံပွဲဟာ အရာထင်မယ်လို့ မယူဆတာကြောင့် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက မနက်ဖြန် ဇွန်လ ၂၃ ရက်နေ့တွေ့ဖို့ ကမ်းလှမ်းတာကို ANP ပါတီက ငြင်းဆိုလိုက်တာဖြစ်တယ်လို့ ANP ရဲ့ ဒုတိယဥက္ကဌ ဒေါ်အေးနုစိန် က ပြောပါတယ်။ ဒေါ်အေးနုစိန် ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။