ယန်ဟီးလီ ရှမ်းပြည်အခြေ အနေ မေးမြန်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးအထူး ကိုယ်စားလှယ် Yanghee Lee ဟာ ကွတ်ခိုင်မြို့နယ်က စစ်ဘေးဒုက္ခသည် စခန်းတွေကို သွားရောက်ဖို့ စီစဉ် ထားပေမယ့် လုံခြုံရေးအခြေအနေအရ ခရီးစဉ်ကိုဖျက်သိမ်း လိုက်ပါတယ်။

နယ်မြေလုံခြုံရေးအခြေအနေအရ မသွားသင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကို အကြောင်းကြားထား တာဖြစ်တယ်လို့ ရှမ်းပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိန်အုပ် က ပြောပါတယ်။

"ကွတ်ခိုင်အစီအစဉ်ကတော့ နဂိုတည်းက ကျနော်တို့က အဲ့ဖက်ကိုသွားဖို့မသင့်ဘူးဆိုတာကို သက်ဆိုင် ရာနိုင်ငံခြားရေးဝန်ကြီးဌာနကို အကြောင်းကြားထားပြီးသားဖြစ်ပါတယ်၊ သွားလို့မဖြစ်ဘူးဆိုတာက လက်ရှိ ကွတ်ခိုင်ပတ်ဝန်းကျင်မှာ ပြီးခဲ့တဲ့ တစ်ပတ်၊ ၁၀ ရက်လောက်ကပဲ၊ ပြည်ထောင်စုလမ်းမပေါ်မှာ TNLA အဖွဲ့တွေက ကားတွေကို ဆက်ကြေးကောက်တာတွေရှိတယ်၊ အဲ့ဒါတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတပ် မတော်က ပြည်ထောင်စုလမ်းမကြီးနားမှာ ရှင်းလင်းရေးတွေဆောင်ရွက်နေတဲ့အနေအထားရှိတဲ့ခါကျတော့ သွားရင်မလိုလားအပ်တဲ့ အန္တရာယ်တွေဖြစ်မှာစိုးလို့ပါ"

Yanghee Lee ဟာ လားရှိုးမြို့က ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒုတိယပြည်နယ်ရုံးမှာ တစ်နာရီ ကျော်ကြာ တေ့ွဆုံခဲ့ ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ ရှမ်းပြည်နယ်အတွင်း တအာင်းတပ်မတော် TNLA နဲ့ RCSS/SSA တို့အကြား ဖြစ် ပွားနေတဲ့ တိုက်ပွဲတွေကိစ္စ၊ စစ်ဘေးဒုက္ခသည်အရေးကိစ္စနဲ့ ကောင်းခါး ဒေသက ကျောင်းဆရာမနှစ်ဦးအသတ်ခံ ရမှုကိစ္စတွေကို မေးမြန်းခဲ့ပါတယ်။

၂၀၁၂ ခုနှစ်က လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း မီးလောင်ပျက်စီးခဲ့တဲ့ အစ္စလာမ်မီးယား မိဘမဲ့စာ သင်ကျောင်းကို သွားရောက်လေ့လာခဲ့ပါတယ်။

လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟာ လားရှိုးမြို့ကို မရောက်ခင် မနက်အစောပိုင်းက ကချင်ပြည်နယ် မြစ်ကြီး နားမြို့မှာ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံရာမှာ အစိုးရတပ်မတော်နဲ့ ကေ အိုင်အေတို့အကြား ရှမ်းတိုင်းရင်းသားတွေ လူ့အခွင့် အရေးချိုးဖောက်ခံနေရတာတွေကို တင်ပြခဲ့တယ်လို့ ရှမ်း မျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဌ ဦးစိုင်းထွန်းရင် က ပြောပါတယ်။

"ကျနော်တို့ အလိုတူ၊ အလိုပါဆန္ဒမရှိပဲနဲ့ ကျနော်တို့ သား၊ သမီးတွေခေါ်ပြီးတော့ KIA စခန်းမှာသွားအသုံး ချနေတာ၊ ဒါကလေးစုဆောင်းနည်းတစ်မျိုးပါပဲ၊ သဘာဝဘေးအန္တရာယ်ရော၊ အခုလူကဖန်တီးတဲ့ တိုက်ပွဲ ရဲ့ဘေးအန္တရာယ်ရော ခံစားနေရတဲ့အချိန်မှာ စားဝတ်နေရေးအတွက် တော်တော်အခက်အခဲရှိတဲ့ကြားမှာပဲ ဆန်တို့ ဆီတို့ ဆားတို့ကို လာရောက်ကောက်ခံတာ လည်းရှိတယ်၊ မပေးတော့လည်း ပဋိပက္ခဖြစ်ပြီး ကျနော်တို့ရှမ်းတွေအသတ်ခံရတာ သာဓကတွေအများကြီးရှိတာပါပဲ၊ သူတို့နှစ်ယောက်စစ်ဖြစ်တယ်၊ ကျနော်တို့ရှမ်းတွေက ကိုယ့်ရပ်ဌာနေ၊ ကိုယ့်လယ်တွေ၊ မြေတွေ၊ ခြံတွေကို စွန့်ခွာပြီးမှ စခန်းတွေမှာ လာနေရတာ၊ ရှမ်းတွေလည်းရှိပါတယ်၊ ဒါနှစ်ဖက်လုံးတိုက်ပွဲတွေဖြစ်လို့ ကျနော်တို့ကြားက မြေစာ ပင်ဖြစ်ရတယ်လို့ ခံစားမိပါတယ်"

ကချင်ပြည်နယ်အတွင်းက နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေးစတဲ့ ကိစ္စရပ်တိုင်းမှာ ရှမ်းနဲ့ ကချင် မျိုးနွယ်စုတွေ အပါအဝင် ပြည်နယ်အတွင်းက ဌာနေတိုင်းရင်းသားတွေအားလုံး တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရရှိစေရေးအတွက် အစိုးရထံတိုက်တွန်းပေးဖို့ ဆွေးနွေးခဲ့တယ်လို့လည်း ဦးစိုင်းထွန်းရင်က ပြောပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ မနေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့သလို အရပ်ဘက်လူမှုအဖွဲ့အစည်း တချို့နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။