ကုလ ကိုယ်စားလှယ်ကို ရခိုင်နဲ့ မွတ်စလင်တွေက အခက်ခဲတွေ တင်ပြ


2016.06.23
yangheelee-sittwe-residents-620.jpg စစ်တွေမြို့ကို ရောက်ရှိနေတဲ့ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနဲ့ မြို့ခံတွေ ဇွန်လ ၂၃ ရက်နေ့က စစ်တွေဟိုတယ်မှာ တွေ့ဆုံဆွေးနွေးစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် မစ္စယန်ဟီးလီ အနေနဲ့ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းတဲ့အခါ ရခိုင်တိုင်းရင်းသားတွေရဲ့အသံကိုပါ ထည့်သွင်းပေးဖို့ စစ်တွေမြို့ခံလူကြီးတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

စစ်တွေဟိုတယ်မှာ မြို့ခံလူကြီးတွေနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးရာမှာ တောင်းဆိုလိုက်တာဖြစ်တယ်လို့ တွေ့ဆုံရာ မှာပါဝင်ခဲ့တဲ့ စစ်တွေမြို့ခံ လူကြီးတစ်ဦးဖြစ်သူ ဦးကောင်းစံရှီ က ပြောပါတယ်။

"ကုလသမဂ္ဂ အကြီးအကဲ တစ်ယောက်အနေနဲ့ မျှမျှတတနဲ့ နှစ်ဘက်အမြင်တွေကို တင်ပြဖို့ နောက်ဒေသခံ တိုင်းရင်းသားတွေရဲ့ ရင်တွင်းခံစားချက်ကို နားလည်ပေးဖို့ပါ၊ အဲ့ဒါတွေကို သဘောပေါက်ပြီးတော့ ကုလသမဂ္ဂကို မှန်မှန်ကန်ကန်လေး တင်ပြပေးနိုင်မယ်လို့ ယူဆပါတယ်၊ ကျနော်တို့ဘက်က ဒေသ ဖွံ့ဖြိုးရေးနဲ့ ဒေသအခြေ အနေလေးကို ဆွေးနွေးတင်ပြခွင့်ရလိုက်ပါတယ်"

ဒီတွေ့ဆုံဆွေးနွေးမှုမှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် လိုအပ်ချက်တွေ ကြီးမားနေတဲ့ အကြောင်းကိုလည်း အဓိကထား ထောက်ပြဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

မစ္စယန်ဟီးလီဟာ ဒီနေ့ မနက်ပိုင်းမှာ စစ်တွေမြို့ မင်းဂံရပ်ကွက်က ရခိုင်ဒုက္ခသည်စခန်းကို သွားရောက်ပြီး ဒုက္ခသည်တွေရဲ့ အခက်အခဲနဲ့ လိုအပ်ချက်တွေကို မေးမြန်းခဲ့ပါတယ်။

အဲ့ဒီနောက် အောင်မင်္ဂလာရပ်ကွက်က မွတ်စလင်ခေါင်းဆောင်တွေနဲ့ တံခါးပိတ်တွေ့ဆုံခဲ့ရာမှာ စစ်တွေမြို့မဈေး ကြီးက မွတ်စလင်တွေပိုင်ဆိုင်တဲ့ ဈေးဆိုင်ခန်းတွေမှာ ဈေးပြန်လည်ရောင်းချနိုင်ဖို့နဲ့ မွတ်စလင်ကျောင်းသားတွေ ရဲ့ ပညာရေး၊ ခရီးသွားလာခွင့်တွေနဲ့ စားဝတ်နေရေး အခက်အခဲ ပြဿနာရပ်တွေကိုပါ တင်ပြဆွေးနွေးခဲ့တယ် လို့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ မွတ်စလင် ရပ်မိရပ်ဖတွေက ပြောပါတယ်။

မစ္စယန်ဟီးလီဟာ ဒီနေ့ ညနေပိုင်းမှာ ရန်ကုန်ကို လေယာဉ်ခရီး ပြန်လည်ထွက်ခွာသွားပြီး မနက်ဖြန်မှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဆက်လက်သွားရောက်မှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကို မနေ့ကရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ စစ်တွေမြို့က လူ့အဖွ့ဲအစည်းနှစ်ဘက်က လူကြီးတွေနဲ့ တွေ့ဆုံခဲ့ကြ ပါတယ်။

RFA သတင်းထောက် ကိုမင်းသိန်းအောင်ရဲ့ သတင်းပေးပို့ချက်ကို ကိုမျိုးဇော်ကို က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။