သံမဏိစက်ရုံလုပ်သားများ အစာငတ်ခံ ဆန္ဒပြပြီ

အခြေခံလစာ တိုးမြှင့်ပေးရေး တောင်းဆိုဆန္ဒပြနေကြတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာက Yangon Crown သံမဏိစက်ရုံ အလုပ်သမားတွေရဲ့တောင်းဆိုချက်ကို ကုမ္ပဏီက လိုက်လျောပေးမှာ မဟုတ်ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်လိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ ဒီကနေ့ မနက်ပိုင်းကစလို့ အလုပ်သမား ခေါင်းဆောင် (၂၅) ဦးက စက်ရုံရှေ့မှာ အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။

အလုပ်သမားတွေ ဆန္ဒပြခဲ့တာ ဒီနေ့အပါအဝင် (၆) ရက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီလိုဆန္ဒပြနေတဲ့ အတောအတွင်း သက်ဆိုင်ရာ အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနနဲ့ မှော်ဘီမြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက ကြားဝင် စေ့စပ်ပေးခဲ့ ပေမယ့်လည်း စက်ရုံတာဝန်ရှိသူတွေဘက်က လုပ်ခလစာ တိုးမြှင့်ပေးမှာ မဟုတ်ဘူးလို့ ကြေညာချက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

စက်ရုံက ကြေညာချက် ထုတ်ပြန်လိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ အစာငတ်ခံ ဆန္ဒပြတာဖြစ်ကြောင်း ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနော်အောင်က အခုလို ပြောပါတယ်။

" ကျွန်တော်တို့ အခြေခံလစာကို ဒီသူဌေးကနေ လုံးဝတပြား တကျပ်မှကို တိုးမပေးနိုင်ဘူး ဆိုတဲ့ဟာကို အခြေခံခြင်းအားဖြင့် အခုကျွန်တော်တို့အထဲက ခေါင်းဆောင် (၂၅) ယောက် ဒီ စည်းဝိုင်း ဝိုင်းပြီးတော့မှ၊ အဲဒီ စည်းဝိုင်းထဲကို ဝင်ပြီးတော့မှ အစာမစားဘဲနဲ့ ကျွန်တာ်တို့ကို သူတို့ မလိုက်လျောမချင်း၊ မညှိနှိုင်းပေးမချင်း ကျွန်တော်တို့ အဲဒီစည်း ဝိုင်းကနေမထွက်တော့ဘူး သန္နိဋ္ဌာန် ချပြီးတော့မှ စက်ရုံရှေ့မှာပဲ ကျွန်တော်တို့ ဆန္ဒပြနေပါတယ် ခင်ဗျ"

ယခင်က အလုပ်သမားတွေရဲ့ အခြေခံလစာဟာ တနေ့ကို လုပ်ခကျပ်ငွေ (၁၆၀) သာရရှိခဲ့ပြီး တစ်လလုံးမှ အလုပ်သမားတစ်ယောက်ရဲ့ အမြင့်ဆုံး လုပ်အားခဟာ ကျပ်ငွေ တစ်သောင်းကျော်ကျော်သာ ရရှိခဲ့လို့ အခြေခံလစာကို လေးသောင်းကျော် ရလိုကြောင်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်လို့ အလုပ်ရှင်ဘက်က ဆန္ဒပြအလုပ်သမားတွေနဲ့ ညှိနှိုင်းဆွေးနွေးပါက အခြေခံလစာ ကျပ်ငွေ သုံးသောင်းလောက်နဲ့ အလုပ်သမားတွေ ကျေနပ်နိုင်ကြောင်း စောစောက အလုပ်သမား ခေါင်းဆောင် ကိုနော်အောင်ကပဲ အခုလို ဆက်ပြောပါတယ်။

" ကျွန်တော်တို့ အရင်တုန်းက တစ်နေ့မှ (၁၆၀) ပဲရပါတယ်ခင်ဗျ။ အဲဒီဟာတွေက တစ်လကို ပေါ့ဗျာ လေးထောင့်ငါးရာ၊ ခြောက်ထောင်၊ တစ်သောင်းကျော်ကျော်လောက် အဲဒါတွေပဲရကြပါတယ်။ အခု တစ်ယောက်ကို အနိမ့်ဆုံးပေါ့ဗျာ၊ တစ်လကို လေးသောင်းကျော်လောက်တော့ ရအောင် ကျွန်တော်တို့ တောင်းနေတာပါခင်ဗျ။ ကျွန်တော်တို့ အလုပ်သမားတွေက လောဘမကြီးဘူးဗျ။ အမှန်က အခုဖြစ်နေတဲ့ဟာက သူတို့က လုံးဝကို ညှိနှိုင်းမှု မပေးသေးတာ ခင်ဗျ။ အခုဆိုရင် သုံးသောင်းလောက် ရရင်ကို ကျွန်တော်တို့ ကျေနပ်တယ်"

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာက Yangon Crown သံမဏိစက်ရုံဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး တရုတ်နိုင်ငံသား အလုပ်သမားတွေ အပါအဝင် စက်ရုံလုပ်သားပေါင်း (၇၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။ အဲဒီထဲက မြန်မာအလုပ်သမား (၄၀၀) လောက်က လုပ်အားခ လစာတိုးမြှင့်ရေး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။