နွေရာသီ ရေရှားပါးမှုပြဿနာ နှစ်စဉ်ကြုံတွေ့နေရတဲ့ ရန်ကုန်မြို့ တစ်ဘက်ကမ်းက ကျေးရွာတွေမှာ ရေရှားပါးမှု ပြဿနာ ဖြေရှင်းနိုင်အောင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အဆိုတင်သွားမယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ရေရှားပါးမှု ပြဿနာဖြေရှင်းနိုင်ဖို့ ၂၀၁၇ - ၁၈ ဘတ်ဂျက်မှာ ငွေကြေး ပိုမိုသုံးစွဲ သွားနိုင်ရေး လွှတ်တော်မှာ အဆိုတင်သွင်းမယ်လို့ ဆိပ်ကြီးခနောင်တိုမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။
"ဒီသောက်ရေကနေတူးထားတယ် ဆိုတာက ဟိုးရှေးခေတ်ကလုပ်ထားပြီးတော့ ပုံစံမပြောင်းဘူးဖြစ်နေတယ်၊ ၂ဝ၁၆ -၂ဝ၁၇ ရဲ့ဘတ်ဂျက်ကတော့ ရေးဆွဲပြီး သွားပြီ၊ ဒီထဲမှာတော့ ထည့်လို့မရတော့ဘူး၊ ဒါပေမဲ့ ထွေအုပ်နဲ့ အစည်းအဝေးမှာ ကျမတို့လုပ်ပါတယ်၊ ၂ဝ၁၇ - ၂ဝ၁၈ရဲ့လာမယ့် ဘတ်ဂျက်မှာတော့ ရေရှား ပါးတဲ့အတွက် သောက်ရေလှောင်ကန်တွေကို ဘယ်လိုလုပ်ကြမလဲ၊ လှောင်ကန်တွေကို ရပ်ကွက်တိုင်းမှာ ဘာတွေလုပ်ထားပေးမလဲဆိုတဲ့ အတွက် ကျမဘတ်ဂျက်ငွေ တော်တော်များများကိုတော့ သုံးစွဲဖို့ရှိတယ်၊ ရေငန်တွေကို ရေချိုဖြစ်အောင်ဘယ်လို လုပ်မလဲ၊ ဘယ်နေရာကနေရေပိုက်သွယ် ပြီးပေးမလဲဆိုတာကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဖြေရှင်းပေးခဲ့ဖို့ကောင်းတယ်၊ ဟိုးတုန်းတည်းက ဖြစ်နေတဲ့ကိစ္စတွေ၊ အဲ့ဒါတွေ မဖြေရှင်းပေးခဲ့တဲ့အတွက် ကျမတို့ ဘတ်ဂျက်ငွေတွေ တော်တော်များများသုံးစွဲပြီး လုပ်ရမယ်လို့ ကျမထင်တယ်"
ရန်ကုန်တစ်ဘက်ကမ်းက ကျေးရွာတွေဟာ နွေရာသီရောက်လာတာနဲ့ တူးဖော်ထားတဲ့ သောက်သုံးရေကန် တွေဟာ ခမ်းခြောက်သွားတာကြောင့် အဲ့ဒီကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံတွေသောက်သုံးရေရှားပါမှု ပြ ဿနာနဲ့ နှစ်စဉ်ကြုံတွေ့ရပါတယ်။
၂၀၁၆ - ၁၇ ဘတ်ဂျက်မှာတော့ ရန်ကုန်မြို့ တစ်ဘက်ကမ်း ရေရှားပါးမှု ပြဿနာဖြေရှင်းဖို့အတွက် ဘတ်ဂျက် သုံးစွဲဖို့ ထည့်ထားတာကို မတွေ့ရဘူးလို့ ပြောပါတယ်။
ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ တူးဖော်ပြီးသား ရေကန် ၇၀ ကျော်ရှိနေပေမယ့် နှစ်ပေါင်းကြာမြင့်နေတာကြောင့် သောက်ရေအဖြစ် အသုံးမပြုသင့်တော့ ဘူးလို့ ပြောပါတယ်။
ဒလ၊ ဆိပ်ကြီးခနောင်တို မြို့နယ်တွေဟာ ရေငံထွက်တဲ့ ဒေသတွေဖြစ်တာကြောင့် အဝီစိတွင်းတူးဖော်ဖို့ အခက်အခဲရှိနေပြီး နွေရာသီရောက်တာနဲ့ ပရဟိတ အဖွဲ့အစည်းတွေ၊ ရေသန့်အလှူရှင်တွေက နှစ်စဉ်သွား ရောက်လှူဒါန်းနေရတာ ဖြစ်ပါတယ်။
