မြေဧက ၃သောင်း မြို့သစ်စီမံကိန်း ရန်ကုန်လွှတ်တော်အတည်ပြု

0:00 / 0:00

ရန်ကုန်မြို့ကြည့်မြင်တိုင်တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တို၊ ကော့မှုး၊ တွံတေး စတဲ့မြို့နယ်တွေက မြေဧက ၃၀၀၀၀ မှာ မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာဆွေးနွေးရာ အများစုက ထောက်ခံခဲ့တဲ့အတွက် စီမံကိန်း အကောင်အထည်ဖော်ဖို့ အတည်ပြုခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေက လိျှု့ဝှက်မဲပေးစနစ်နဲ့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ထောက်ခံသူများပြားတဲ့အတွက် အတည်ခဲ့ဖြစ်ကြောင်း အဲဒီစီမံကိန်းကို ကန့်ကွက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာ ဒေါ်ညိုညိုသင်းက ပြောပါတယ်။

"ကျမတို့ ဆွေးနွေးတဲ့ အကြောင်းအရာကတော့ အဆိုတင်သွင်းသွားတဲ့ ကိုယ်စားလှယ်ရဲ့ အလို အရရော ထောက်ခံဆွေးနွေးတဲ့ ကိုယ်စားလှယ် ၆ ဦးအရရောပေါ့နော်၊ မနှစ်က စက်တင်ဘာလမှာ ရန်ကုန်တိုင်းအစိုးရက ပြန်လည်ရုပ်သိမ်းသွားတဲ့ ကြည့်မြင်တိုင်တစ်ဖက်ကမ်း ဆိပ်ကြီး ခနော်တို ကော့မှူး ရန်ကုန်မြို့ရဲ့ အနောက်တောင်ပိုင်းဒေသတွေပေါ့နော်၊ မြေက သုံးသောင်းဧရိယာပေါ့နော် ရန်ကုန်မြို့ သစ်စီမံကိန်းကို ဒါအတည်ပြုပေးသွားတာပေါ့နော်၊ မြို့တော်ဝန်ကလည်း ဘယ်သူနဲ့လုပ်မယ် ဘာနဲ့လုပ်မယ်ဆိုတာ ဘာမှတိတိကျကျပြောသွားတာမရှိဘူး"

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက အဲဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ လွှတ်တော်မှာဆွေးနွေးခဲ့ပြီး ပွင့်လင်းမြင်သာမှုမရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ သတင်းမီဒီယာတွေက ဝေဖန်ထောက်ပြ ခဲ့တာတွေကြောင့် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က သူ့ရဲ့အဆိုကို ပြန်လည်ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

အခုတစ်ကြိမ်မှာတော့ အဲဒီမြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် ကြည့်မြင်တိုင်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ အရေးကြီးတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ဆန္ဒကို ရယူချင်တယ်ဆိုပြီး လွှတ်တော်ဥက္ကဌက လျှို့ဝှက်မဲပေးစနစ်နဲ့ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ရာကျော်ရှိရာမှာ တစ်ရာက ထောက်ခံခဲ့ကြတဲ့အတွက် အတည်ဖြစ်သွားခဲ့ပါတယ်။

ဒေါက်တာညိုညိုသင်းကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။