ပုသိမ်မြို့နယ်အတွင်း မိုင်တိုင်အမှတ် ၂၁ နဲ့ ၁၇ အကြားရှိ ဒါးကနဲ့ ကြိုးကြာကွင်းအကြားမှာ ကားလမ်းပေါ် ရေလျှံနေတာဖြစ်ပြီး ယာဉ်များ သွားလာပါက အန္တရာယ် ရှိနိုင်တဲ့အတွက် ယခုလို ညပိုင်း ယာဉ်သွားလာမှုကို တားမြစ်လိုက်တာ ဖြစ်ကြောင်း တိုင်းဆောက်လုပ်ရေး ဌာနက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ကားလမ်း ရေကျော်နေမှုကြောင့် အဝေးပြေးကားလိုင်း တချို့က ပုံမှန်ကားပြေးဆွဲတဲ့ ခရီးစဉ်တွေကို ရပ်ဆိုင်းထားပြီး တချို့ကားလိုင်းတွေကတော့ ပြေးဆွဲတဲ့ ခရီးစဉ် အရေအတွက်ကို လျော့ချ ထားပါတယ်။
အဝေးပြေးဌာန အနေနဲ့တော့ အဝေးပြေး ခရီးစဉ်တွေကို ရပ်ဆိုင်းဖို့ တရားဝင် အမိန့်ထုတ်ထားတာ မရှိပါဘူးလို့ မော်တော်ယာဉ် လိုင်းပေါင်းစုံ အဝေးပြေးဌာန လက်ထောက် ဌာနမှူး ဦးမျိုးဝင်းက RFA ကို ပြောပါတယ်။
ပုသိမ်ဘက်မှာ ကားမရှိတဲ့ လိုင်းတွေနဲ့ ရန်ကုန်ဘက်မှာ ကားမရှိတဲ့ လိုင်းတွေက ခရီးစဉ်တွေ ရပ်ဆိုင်းထားရပါတယ်။ တချို့ကားလိုင်းတွေကတော့ ကားပျက်စီးမှာ စိုးတာရော အန္တရာယ်ဖြစ်မှာ စိုးတာရောကြောင့် ခရီးစဉ်တွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ခေတ္တ ရပ်နားထားပါတယ်။
ပုသိမ်၊ ရန်ကုန် ကားလမ်း ရေကျော်နေမှုကြောင့် ခရီးသည်တင်ကား အသွားအလာ လုံး၀ ပြတ်တောက်သွားခြင်း မရှိပေမယ့် ညဘက်ခရီးစဉ်တွေ မရှိတော့တာ၊ နေ့ခရီးစဉ် ပြေးဆွဲနေတဲ့ ကားအစီးရေနဲ့ အခေါက်ရေတွေ လျော့သွားတာ၊ သတ်မှတ်ထားတဲ့ အချိန်ထက် နာရီများစွာ နောက်ကျပြီးမှ ရန်ကုန်နဲ့ ပုသိမ်ဂိတ်တွေကို ဝင်တာမျိုး အခက်အခဲတွေကိုတော့ ခရီးသည်တွေ ရင်ဆိုင်နေရပါတယ်။
