OIC ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို လာရောက်လေ့ လာမယ့်ခရီးစဉ်ကို ကန့်ကွက်ကြသူ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် ၅၀၀ ကျော်ဟာ ရန်ကုန်မြို့မှာ ဒီနေ့နေ့ လည်ပိုင်းက လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာရှိတဲ့ ကြေးသွန်းဘုရားကြီးရှေ့ကနေ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာပါ။ အခုလို ဆန္ဒပြရတာနဲ့ ပတ်သက်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ သံဃာတော်တစ်ပါးက အခုလိုမိန့်ပါတယ်။
"ဦးဇင်းတို့နိုင်ငံမှာရှိတဲ့ ဘာသာခြားတွေကို ဦးဇင်းတို့က ဆန္ဒဖော်ထုတ်တာမဟုတ်ပါဘူး၊ မဆိုင်ပါဘူး၊ တခြားနိုင်ငံကနေပြီးတော့ ဦးဇင်းတို့နိုင်ငံကိုလာပြီးတော့ အချုပ်အချာအာဏာကိုလာပြီးတော့ ထိပါးမယ်ဆိုရင် ဦးဇင်းတို့ရဲ့ နိုင်ငံမှာရှိတဲ့ ဘာသာရေးကို ပြိုကွဲအောင်ဖျက်ဆီးမယ်ဆိုရင် နိုင်ငံရေးပဋိပက္ခဖြစ်အောင်၊ ဘာသာရေးပဋိပက္ခဖြစ်အောင် ဖျက်ဆီးမယ်ဆိုရင် ဦးဇင်းတို့က ဒါကိုသူတို့ကိုလုံးဝမလာဖို့ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပါတယ်"
ဒါ့အပြင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ ရခိုင်လူငယ်အဖွဲ့က ဦးဆောင်တဲ့ လူအင်အား ၃၀ လောက်ဟာ OIC အဖွဲ့လာရောက်မှာကို ကန့်ကွက်တဲ့အနေနဲ့ ဒီနေ့ နေ့လည် ၁၂ နာရီလောက်က အင်းစိန်မြို့နယ် GTI ကျောင်းဝင်းရှေ့ကနေ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းဝင်းရှေ့အထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
OIC ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ကိုယ်စားလှယ်တွေဟာ လာမယ့် ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်နဲ့ မိတ္ထီလာမြို့တွေမှာရှိတဲ့ မွတ်စလင် ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာမယ်လို့လည်း သိရပါတယ်။
OIC အဖွဲ့ရဲ့ခရီးစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့နှစ်နေရာမှာ လူ ၅၀၀ လောက် ဒီနေ့ ဆန္ဒပြခဲ့ကြတာနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။
OIC အဖွဲ့ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ ရန်ကုန်မြို့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဟာဂျီ ဦးအေးလွင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
OIC အဖွဲ့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ မန္တလေးမစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို RFA ဝိုင်းတော်သား ဦးဘအောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။