တောင်ကိုရီးယားနိုင်ငံသားပိုင် Myanmar Inno အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀၀ လောက်က ရက်မှန်ကြေးပေးဖို့ ၊ အပိုဆုကြေးနဲ့ လုပ်သက်အလိုက် လစာတိုးမြှင့်ပေးဖို့တို့ကို ဆန္ဒပြတောင်းဆိုနေကြပါတယ်။
အစိုးရက အနည်းဆုံးလုပ်ခလစာ တစ်ရက်အတွက် ကျပ် ၃၆၀၀ သတ်မှတ်ပြီးနောက် အချိန်ပို မဆင်းခိုင်းတော့ သလို ရက်မှန်ကြေးတွေ၊ အပိုဆုကြေးတွေလည်း မပေးတော့ဘူးလို့ ဆန္ဒပြအလုပ်သမတစ်ဦးက ပြောပါတယ်။
"သူတို့က အခုလစာတွေက အစိုးရသတ်မှတ်လိုက်တဲ့ ၃၆၀၀ ပဲပေးပြီး ကျန်တဲ့ရှားပါးစရိတ်တွေ၊ ရက်မှန်ကြေးတွေ၊ နှစ်ပတ်လည်ဆုကြေးငွေတွေ သူတို့ဘာမှ မပေးတော့ဘူး၊ တစ်လလုံးလုံး အလုပ်သမားတွေအကုန်လုံးမှ ဒီ ၁ သိန်း ၈ ထောင်ကို ဘယ်သူကမှ ဒီခတ်ကုန်ဈေးနှုန်းနဲ့ မလောက်ငှဘူး၊ မလောက်ငှတော့ မကျေနပ်ဘူး၊ သူတို့ အချိန်ပိုတွေကိုလည်း ခေါ်စေချင်တယ်၊ သူတို့က အချိန်ပို လည်းမခေါ်နိုင်ဘူး၊ မခေါ်နိုင်တဲ့အခါကျတော့ လစာက သူများတွေနဲ့ တန်းတူဘယ်တော့မှ မရဘူး၊ စက်ရုံတိုင်း၊ စက်ရုံတိုင်း အချိန်ပိုခေါ်တယ်၊ ဒီစက်ရုံကျမှ အချိန်ပိုမခေါ်တာ"
အဲ့ဒီစက်ရုံဟာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံစက်မှုဇုန်မှာရှိတာဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ တောင်းဆို ချက်တွေကို ဒီနေ့ စက်ရုံတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေ မယ့် ပြေလည်မှုမရဘူးလို့ သိရပါတယ်။ အရင်က တစ်လစာ လုပ်အားခကို အပိုဆုကြေးအဖြစ် တစ်နှစ်ကို ၃ ကြိမ်လောက်ပေးရာ ဆုကြေးတစ်သိန်းခန့် ရရှိရာကနေ လက်ရှိမှာ အပိုဆုကြေး ကျပ်နှစ်သောင်းသာ ပေးတော့မယ်လို့ စက်ရုံတာဝန်ရှိသူတွေဘက်က ပြောဆိုတာလို့လည်း သိရပါတယ်။
အဲဒီစက်ရုံမှာ မန်နေဂျာအသစ် တာဝန်ယူပြီးနောက်ပိုင်း အရင် ရရှိနေတဲ့ ခံစားခွင့်တွေ မရတော့တာဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံအလုပ်သမားအားလုံးက စက်ရုံခြံဝင်းထဲမှာ ဆန္ဒပြနေတာ ဒီနေ့ ၂ရက်မြောက်နေ့ ဖြစ်ပါတယ်။ အဲဒီစက်ရုံမှာ အများဆုံးလုပ်သက် ၂၆ နှစ်ကနေ အနည်းဆုံး လုပ်သက် ၈ လအထိ ရှိပြီး အားလုံးကို တစ်နေ့ လုပ်ခ ကျပ် ၃၆၀၀ နဲ့ တပြေးညီပေးနေတာ ဖြစ်ပါတယ်။
