လူငယ်ပြဿနာ အဖြေရှာရေး နှစ်ရက် ကြာ ဆွေးနွေးပွဲစတင်

မြန်မာနိုင်ငံအတွင်းက လူငယ်တွေ ကြုံတွေ့နေရတဲ့ ပြသနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရန်ကုန် လူငယ်ဖိုရမ်ကို ရန်ကုန်မြို့ မရမ်းကုန်း ၉ မိုင်မှာ ရှိတဲ့ အောင်မြေဘုံသာ သျှမ်းကျောင်းမှာ ဒီကနေ့ စတင်ကျင်းပပြီး လူငယ် ၄၀၀ နီးပါး တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ခရိုင်လေးခရိုင်က လူငယ်တွေ ဦးဆောင်ကျင်းပတာဖြစ်ပြီး ပညာရေးကဏ္ဍအပါဝင် နယ်ပယ်စုံက အားနည်းချက် ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အခုလို ကျင်းပရတာလို့ ရန်ကုန်လူငယ်ဖိုရမ် ပြောခွင့်ရပုဂ္ဂိုလ် မချိုမာဝင်း ပြောပါတယ်။

“လူငယ်တွေက သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အသိပညာတွေနည်းကြတယ်၊ သိတာက လူနည်းစုပဲရှိတယ်၊ အများစုက သိပ်ဂရုမထားမိကြဘူး၊ အဲဒါက Topic အကုန်လုံးမှာပါပဲ၊ ပညာရေးဆိုလည်း သိတဲ့အသိမြင် နည်းတဲ့အခါကျတော့ သူများကိုလည်း ပြန်မျှဝေဖို့က သိပ်အဆင်မပြေဘူးပေါ့၊ အဲဒါအသိပညာပြည့်ဝတဲ့ လူငယ်တွေကတဆင့် လိုအပ်နေတဲ့နေရာတွေမှာ ဘယ်လိုဖြည့်တင်းပေးမလဲ၊ အချင်းချင်း ဘယ်လိုပြန်ကူညီမလဲဆိုတဲ့ အကြောင်းတရားတွေကို ဆွေးနွေးဖို့အတွက် ဒီဖိုရမ်တွေလုပ်ဖို့ ဖြစ်လာကြတာပါ”

ဆွေးနွေးပွဲကို နှစ်ရက်ကြာကျင်းပသွားမှာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေဖြစ်တဲ့ လူငယ်တွေရဲ့ ပညာရေးတိုးတက်မှု၊ လူငယ်နဲ့ မီဒီယာ၊ သတင်းနဲ့ နည်းပညာ၊ အလုပ်အကိုင် အခွင့်အရေး၊ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု၊ လူငယ်နဲ့ မြန်မာ့ယဉ်ကျေးမှု၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါး အသုံးပြုတာတွေကို လျှော့ချရေးစတဲ့ကဏ္ဍတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။