တရားဥပဒေစိုးမိုးရေး ရန်ကင်းမှာ တောင်းဆိုဆန္ဒပြ


2014.03.28

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ၁၂ ရပ်ကွက်မှာ တရားဥပဒေစိုးမိုးမှု ရှိလာစေဖို့ဆိုပြီး  ရပ်ကွက်နေ လူပုဂ္ဂိုလ်နှစ်ရာလောက်က ဒီနေ့ညနေပိုင်းက ဆန္ဒပြတောင်းဆိုကြပါတယ်။ ပြီးခဲ့တဲ့မတ်လ ၁၅ ရက်နေ့ ညက ရန်ကင်းမြို့နယ် ၁၂ ရပ်ကွက်မှာ လူငယ် ၂ ဦး မတော်တဆဖြစ်ရာက လူသတ်မှုအထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လူနေရပ်ကွက်တွေမှာ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုပြီး ရပ်ကွက်နေပြည်သူတွေ ကြောက်ရွံ့နေကြတဲ့အတွက် သက်ဆိုင်ရာက အရေးယူဆောင်ရွက်ပေးဖို့ ဆန္ဒပြတောင်းဆိုတာလို့  အဲဒီရပ်ကွက်မှာနေတဲ့ ဆန္ဒပြသူတစ်ဦးဖြစ်သူ ကိုအောင်ကပြောပါတယ်။

"ရပ်ကွက်ဆိုတဲ့ အတိုင်းအတာလေးတစ်ခုမှာတောင်မှ တရားဥပဒေ စိုးမိုးမှုမရှိဘူး၊ အခုကိစ္စက ရပ်ကွက်ထဲမှာ လူတွေနေတယ်၊ အိမ်တွေကလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ သူ့ဟာသာရှိတယ်၊ အဲလိုကြားထဲကတောင်မှ ဒီလူနှစ်ယောက်ဖြစ်တဲ့ကိစ္စကို ဘယ်လိုလူမျိုးတွေက ဝင်ပြီးတော့ တားဆီးမှုလည်းမရှိဘူး၊ ဒီကြားထဲ ရပ်ကွက်ထဲမှာရှိတဲ့ ဆယ်အိမ်မှူးတွေ ရာအိမ်မှုးတွေ ရပ်ကွက်ဥက္ကဌတွေ မြို့နယ်ရဲစခန်းက ရဲအဖွဲ့ဝင်တွေ ဘယ်လိုလူမျိုးမှ တားဆီးမှုမရှိဘဲနဲ့ ဒီလူဟာ သေဆုံးသွားတယ်"

ဒီနေ့ဆန္ဒပြပွဲကို ရန်ကင်းမြို့ ၁၂ ရပ်ကွက် ကန်ဘဲ့ဘူတာရုံလမ်းကနေ ကျောက်ကုန်း၊ ရန်ရှင်းလမ်းနဲ့ သစ္စာလမ်းမတွေပေါ်မှာ လူ နှစ်ရာလောက်နဲ့ စီတန်းလှည့်လည်ခဲ့ကြတာပါ။ ဆန္ဒပြသူတွေက ပြည်သူတွေဘဝလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြစ်မှုကျူးလွန်သူကို ထိရောက်စွာ အရေးယူပေးရေး၊ အနိုင်ကျင့်ဝါဒနဲ့ မင်းမဲ့စရိုက်အလိုမရှိဆိုပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

လူသတ်တရားခံကိုတော့ ရန်ကင်းရဲစခန်းက အခင်းဖြစ်ပွားပြီးနောက်နေ့မနက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။