ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ လုံခြုံရေးစိုးရိမ်ရတာကြောင့် ရခိုင်တိုင်းရင်းသား ကျေးရွာ ၄ ရွာက ကျေးရွာ သားတွေဟာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တချို့အခြေစိုက်တဲ့ စေတီပင်ကျေးရွာမှာ ပြောင်းရွှေ့နေကြပါတယ်။
ဒေသခံကျေးရွာသားတွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်က လုံခြုံရေးအရ စိုးရိမ်တဲ့အတွက် ပြေးလာကြတာဖြစ်ကြောင်း ပြောပါတယ်။
"အကြမ်းဖက်သမားတွေက ထိုးဖောက်ဝင်ရောက်လာပြီးတော့ အကျပ်ကိုင်ကြတာပေါ့၊ အကြမ်းဖက် သမားတွေရဲ့ဖိအားတွေကြောင့် ဒီဒေသဟာ မတည်မငြိမ်ဖြစ်လာရတာပေါ့ ၊ မော်လဝီတွေ ရဲ့ကြိုးကိုင် မှုတွေက အကြမ်းဖက်သမားတွေနဲ့ အတူတူလုပ်လာတဲ့အတွက် မတည်မငြိမ်ပြဿနာတွေဖြစ်လာရတာပေါ့"
ပြီးခဲ့တဲ့သြဂုတ်လ ၄ ရက်နေ့က ရသေ့တောင်မြို့နယ် အောက်နန်းရာကျေးရွာမှာ လုံခြုံရေးတပ်ဖွဲ့တွေ က အကြမ်းဖက်သမားလို့ သံသယရှိသူတချို့ကို သွားရောက်ဖမ်းဆီးရာမှာ ရာနဲ့ချီတဲ့ကျေးရွာသား တွေက ဒုတ် ၊ ဓါး စတာတွေနဲ့ ပြန်လည်ပစ်ခတ်တဲ့အတွက် ပဋိပက္ခဖြစ်ခဲ့ပါတယ်။
အခုပြေးလာကြတဲ့ သဇင်မြိုင် ၊ ပြင်ရှည် ၊ ပိတောက်မြိုင်၊ ချွတ်ပြင် ကျေးရွာ ၄ ရွာဟာ အဲဒီ အောက်နန်းရာကျေးရွာ အနီးက ရခိုင်တိုင်းရင်းသားကျေး ရွာတွေဖြစ်ပါတယ်။
ရွာ ၄ ရွာက ပြောင်းလာကြသူ လူဦးရေ ၇၀၀ နီးပါးလောက်ရှိပြီး စေတီပင်ကျေးရွာမှာ ကယ်ဆယ်ရေး စခန်းပုံစံ မျိုးဖွင့်ထားရတယ်လို့ ပြောပါတယ်။