တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်ခဲ့လို့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ တောင်ကြီး မြို့နယ် ရေပူနဲ့ ကွမ်လုံကျေးရွာတွေက တောင်သူ ၅၅ ယောက်ဟာ ဒီကနေ့မှာ တစ်လကြာထောင်ထဲမှာနေရပြီး လွှတ်ရက်စေ့လို့ ညောင်ရွှေထောင်ကနေ ပြန်လည်လွှတ်မြောက်လာပြီ ဖြစ်ပါတယ်။
ထောက်ဒဏ်ချမှတ်ခံခဲ့ရတဲ့ တောင်သူ ၇၅ ယောက်ထဲက ၅၅ ဦးက ဒီနေ့မှာ လွှတ်ရက်စေ့တာကြောင့် ပြန်လည် လွှတ်မြောက်ခဲ့တာဖြစ်ပြီး အယောက်နှစ်ဆယ်ကတော့ ထောင်ဒဏ်ကျခံနေရဆဲဖြစ်တယ်လို့ တောင်သူတွေ ဘက်ကနေ အမှုကိုလိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။
"ဒီကနေ့ တောင်ကြီးက ညောင်ရွှေထောင်ကနေ တောင်သူ ၇၅ ယောက်ထဲက ၅၅ ယောက် လွှတ် ပါတယ်၊ မနက် ၁၀ နာရီခွဲလောက်က လွှတ်တာပါ၊ ၅၅ ယောက်မှာ အမျိုးသမီးက ၂၃ ယောက် အမျိုးသားက ၃၂ ယောက်ဖြစ်ပါတယ်။ ၂၀ ကျန်နေသေးတယ်၊ ၂၀ ကျန်တဲ့အထဲမှာ ၃ ယောက် ကတော့ လေးရက် နောက်ကျပြီးရင် လွှတ်မှာပါ။ ကျန်တာတွေက ထောင် ၆ လကျတာ၊ ၃ လ ကျတာ၊ နှစ်လ ကျတာတွေ ကျန်နေတာပါ"
လက်ရှိ အကျဉ်းကျနေဆဲဖြစ်တဲ့ တောင်သူတွေအတွက် အယူခံကို တောင်ကြီးခရိုင်တရားရုံးကို အခုလ ၁၁ ရက်နေ့က တင်ခဲ့ပေမယ့်လည်း ပလပ်ခဲ့တာကြောင့် ရှမ်းပြည်နယ်တရားလွှတ်တော်ထိ ဆက်လက်အယူခံ တင်ဖို့ ဆောင်ရွက်နေတယ်လို့ ရှေ့နေ ဒေါ်ခင်မိုးမိုး ကပြောပါတယ်။
တပ်မတော်က သိမ်းယူထားတဲ့ ရေပူနဲ့ ကွမ်လုံကျေးရွာက လယ်မြေဧက ၅၀၀၀ ကျော်မှာ ဝင်ရောက်စိုက်ပျိုး သူတွေကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ပိုင်နက်ကျုးလွန်မှု ပုဒ်မ ၄၂၇၊ ၄၄၇ တို့နဲ့ အမှုတွဲပေါင်း ၂၂ ခုဖွင့်ခဲ့ တာဖြစ်ပြီး တောင်ကြီးမြို့နယ် တရားရုံးက အမှုတစ်ခုကို ထောင်ဒဏ် တစ်လနှုန်းနဲ့ ကျခံစေဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
အခုလွတ်မြောက်လာသူတွေဟာ တပ်ကဖွင့်တဲ့ အမှုတွဲပေါင်း ၂၂ ခုမှာ တစ်ယောက်ကို တစ်မှုနှုန်းနဲ့ပဲ တရားစွဲခံရတဲ့ တောင်သူတွေဖြစ်ပါတယ်။
