သိမ်းထားတဲ့လယ်မြေ ပြန်လည်ပေးအပ်ဖို့ ယုဇနက ကတိပြု

ကချင်ပြည်နယ် အနောက်မြောက်ပိုင်း ဟူးကောင်း ချိုင့်ဝှမ်းဒေသမှာ လယ်ယာမြေဧက (၂) သိန်းကျော် အဓမ္မ သိမ်းယူထားတယ်လု့ိ စွပ်စွဲခံနေရတဲ့ ယုဇနကုမ္ပဏီအနေနဲ့ ကုမ္ပဏီအပေါ် တရားစွဲဆိုထားတဲ့ ဒေသခံတောင်သူတွေရဲ့ လယ်ဧက (၃၀၀၀) လောက်ကို ပြန်လည်ပေးအပ်ဖို့ ကတိပြု ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

တရားစွဲဆိုထားတဲ့ တောင်သူတွေရဲ့ လယ်မြေတွေကို ပြန်ပေးမှာ ဖြစ်ပေမယ့် သီးနံှပျက်စီးဆုံးရံှုးမှုတွေအတွက် လျော်ကြေးကိုတော့ တရားရုံးက ချမှတ်တဲ့အတိုင်းပဲပေးဖို့ ယုဇန ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်က ပြောကြောင်း မနေ့က နေပြည်တော်မှာ ဦးဌေးမြင့်နဲ့ သွားရောက် ဆွေးနွေးညှိနှိုင်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ ကချင်ပြည်နယ်တာဝန်ခံ ဒေါ်ဘောက်ဂျာက RFA ကို ပြောပါတယ်။

"တောင်းဆိုတဲ့ လယ်မြေပြန်ပေးဖို့နဲ့ အခုတရားရုံးမှာ ရင်ဆိုင်နေရတဲ့ အမှုကိစ္စကိုလည်း နစ်နာကြေးကို နှုတ်ပေးဖို့ ဆွေးနွေးတဲ့ အပေါ်မှာ အစတုန်းကတော့ သူလည်းတော်တော်တော့ ငြင်းပါတယ်။ ငြင်းရင်း ငြင်းရင်းနဲ့ နောက်ဆုံးတော့ လိုက်လျော သလောက်တော့ လိုက်လျောပေးတာပေါ့။ အခုတရားစွဲထားတဲ့ တောင်သူတွေရဲ့ မြေကိုပဲ သူတို့က ပြန်ပေးမယ်လို့ ပြောတယ်ပေါ့။ မနေ့က ဒီရွာမှာ ယုဇနကနေ လက်မှတ်လိုက်ထိုးခိုင်းတယ်တဲ့။ ကချင်ပြည်နယ်မှာ အမိန့်ချထားတဲ့ အမိန့်ကို ပေးတယ် ဆိုပြီးတော့ ယုဇန ကုမ္ပဏီမှာ လာထုတ်ယူပါ ဆိုပြီးတော့ စာတွေလိုက်ပို့ပြီးတော့ လက်မှတ်ထိုးခိုင်းတယ်။ တချို့အိမ်တွေမှာဆို ကလေးတွေပဲရှိတယ်။ ကလေးတွေကိုပါ ထိုးခိုင်းသွားတယ်တဲ့။ အဲလိုမျိုးပေါ့လေ။ သူ့ရဲ့လုပ်ရပ်တွေကတော့ ယုံစရာတော့ သိပ်တော့ မရှိဘူး"

ရန်ကုန်မြို့က ယုဇနကုမ္ပဏီရုံးချုပ် ဖွင့်လှစ်ထားတဲ့ ယုဇနဟိုတယ်ရှေ့မှာ ဒေါ်ဘောက်ဂျာ ဦးဆောင်ပြီး တောင်သူလယ်သမားတွေ ဒီကနေ့ ဆန္ဒပြကြဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယုဇနကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်က ဦးဆောင်ဆန္ဒပြမယ့် ဒေါ်ဘောက်ဂျာကို မနေ့က နေပြည်တော်ကို ဖိတ်ကြားပြီး အခုလို ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။

ဟူးကောင်းဒေသခံ တောင်သူတွေဟာ သိမ်းယူခံထားရတဲ့ လယ်မြေတွေ ပြန်လည်ရရှိဖို့ ယုဇနကုမ္ပဏီကို ၂၀၁၀ ခုနှစ်ကတည်းက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ်တရားရုံးက တစ်ဧကအတွက် လျော်ကြေး ကျပ်ရှစ်သောင်းပဲပေး ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် တောင်သူတွေက မကျေနပ်ဘဲ အယူခံဝင်ထား တယ်လို့ သိရတယ်။