YBS ယာဉ်အားလုံး အလုံးစုံ အာမခံထားရမည်

ဒီလကုန်နောက်ဆုံးထားပြီး YBS ယာဉ်အားလုံးမှာ အလုံးစုံ အာမခံထားကြဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ညွှန်ကြား ထားပါတယ်။

အလုံးစုံအာမခံက ယာဉ်တိုက်မှုဖြစ်ခဲ့ရင် ယာဉ်အတွက်ရော ယာဉ်ပေါ်မှာပါတဲ့ ခရီးသည်တွေအတွက်ရော အာမခံ ထားတဲ့ပုံစံမျိုးဖြစ်တယ်လို့ Power Eleven ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးတရုတ်လေး က ပြောပါတယ်။

" YBS ယာဉ်လိုင်းတွေမှာ ပြေးဆွဲနေတဲ့ ယာဉ်တွေအားလုံး ဇူလိုင်လကုန်ကို အလုံးစုံ အာမခံထားရမယ်လို့ ညွှန်ကြားချက်ထုတ်ထားပါတယ်၊ ကညန သက်တမ်းတိုးလို့ရှိရင် သူတစ်ပါး ထိခိုက်မှုအာမခံ အစိုးရဌာနတွေမှာ ထားရပါတယ်၊ ကားပေါ်မှာပါသော ခရီးသွားပေါ့နော်၊ အဲ့အတွက်ကိုပဲ သူက အကာအကွယ်ပေးတာပါ၊ အလုံးစုံ အာမခံဆိုတာကတော့ ဥပမာပေါ့ ဟိုဘက်က ယာဉ်တစ်စီးကို မတော်တဆတိုက်မယ်ဆိုရင် ဟိုဘက်က ယာဉ်ရော၊ နောက်ကားပေါ်မှာပါသော ခရီးသွားတွေရောပေါ့၊ အကုန်လုံးအတွက် အာမခံလျော်ကြေး ပေးတာပေါ့"

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ YBS ယာဉ်လိုင်းတာဝန်ရှိသူတွေ တွေ့ဆုံရာမှာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က အလုံးစုံအာမခံတွေ ထားကြဖို့ ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိ YBS ယာဉ်အများစုက အလုံးစုံအာမခံ မထားရှိဘဲ မဖြစ်မနေထားရတဲ့ သူတစ်ပါး ထိခိုက်မှု အာမခံသာ ထားရှိကြတာဖြစ်ပါတယ်။

Power Eleven ကုမ္ပဏီအနေနဲ့လည်း ကားအစီးရေ ၄၀ % သာ အလုံးစုံအာမခံထားရှိ ထားတာဖြစ်တဲ့အတွက် ကျန်တဲ့ကားတွေကို အာမခံထားရှိဖို့ စီစဉ်နေတယ်လို့ ဦးတရုတ်လေး က ပြောပါတယ်။

ယာဉ်လိုင်းတွေအနေနဲ့ တစ်နှစ်ကို တစ်ကြိမ် လုပ်ငန်းသက်တမ်းတိုးတဲ့အခါမှာ YRTA ရဲ့ ထောက်ခံချက်ယူကြရပြီး အဲဒီအခါမှာ အလုံးစုံအာမခံသက်တမ်းကို စစ်ဆေးကာ အလုံးစုံအာမခံမထားရှိတဲ့ ယာဉ်ဆိုရင် လုပ်ငန်းသက်တမ်း တိုးပေးမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။