စည်ပင်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်ပေးဖို့ အရပ်ဖက်အဖွဲ့ ၃၀ တောင်းဆို

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနဲ့ နည်းဥပဒေ ပြင်ဆင်ရေးဆွဲနေတဲ့ လုပ်ငန်းစဉ်တွေကို အများပြည်သူသိရှိအောင် ကြေညာဖို့၊ စည်ပင်ကော်မတီ ဝင်အဖြစ် ရွေးကောက်ခံတဲ့ ကိုယ်စားလှယ်တွေရဲ့ အသက်ကန့်သတ်ချက်ကို ဖြေလျော့ပေးဖို့ နဲ့ မြို့တော်ဝန်ကို ပြည်သူတွေ တိုက်ရိုက်ရွေးချယ် ခွင့်ရှိဖို့တို့ကို အရပ်ဖက်အဖွဲ့အစည်း ၃၀ က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

စည်ပင်သာယာရေး ဥပဒေနဲ့ နည်းဥပဒေ ပြင်ဆင်ရေးဆွဲနေတဲ့ လုပ်ငန်းစဉ်တွေအပေါ် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ သဘောထားအမြင် ရှင်းလင်းပွဲကို ရန်ကုန်မြို့Orchid Hotel မှာ ကျင်းပပြီး တောင်းဆိုတာဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးခွင့်ရရှိရေး၊ ရွေးကောက်ပွဲ ဝင်တဲ့ ကော်မတီဝင်လောင်းတွေရဲ့ အသက်ကို ၃၅ နှစ်ထက် ဖြေလျော့ပေးဖို့ တို့ကို တောင်းဆိုထားပါတယ်။

လက်ရှိ ဥပဒေအရ စည်ပင်ရွေးကောက်ပွဲမှာ မိသားစုတစ်စုရဲ့ အိမ်ထောင်ဦးစီး တစ်ဦးသာ မဲပေးခွင့် ရှိတာဖြစ်ပြီး စည်ပင်ကော်မတီဝင် ၉ ဦးထဲမှာ ၅ ဦးကို တိုင်းအစိုးရအဖွဲ့က ခန့်အပ်ပြီး ကျန် ၄ ဦးကိုသာ ပြည်သူတွေက မဲပေးရွေးချယ်ရတာ ဖြစ်ပါတယ်။

စည်ပင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူတွေဟာ မြို့နယ်အဆင့်မှာ အသက် ၃၅ နှစ်ကနေ ၅၅ နှစ်အထိ၊ ခရိုင်အဆင့်မှာ အသက် ၄၀ ကနေ ၆၀အထိ၊ တိုင်းအဆင့်မှာ ၄၅ နှစ်ကနေ ၆၅ နှစ်အထိ ဆိုပြီး လက်ရှိဥပဒေမှာ ကန့်သတ်ထားတာဖြစ်ပါတယ်။