အသိမ်းခံလယ်မြေတွေ မှာ ရေနံ့သာ လယ်သမားတွေ ဝင်ရောက်ထွန်ယက်

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ရေနံ့သာကျေးရွာ မှာ အနာကြီးရောဂါ အထူးကုဆေးရုံကြီးက သိမ်းထားတဲ့ လယ်မြေတွေထဲက ဧက ၈၀ လောက်မှာ လယ်သမား အတော်များများက ဒီကနေ့ ဝင်ရောက်ထွန်ယက်ခဲ့ကြ ပါတယ်။

အဲဒီ ဧက ၈၀ ပြန်ပေးဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာန နဲ့ နိုင်ငံတော်သမ္မတဆီ စာရေးသားတင်ပြခဲ့ပေ မဲ့ ဖြေရှင်းပေးတာ မရှိသေးတဲ့အတွက် အခုလို ဝင်ရောက်ထွန်ယက်တာလို့ ဒီနေ့ ထွန်ယက်ရာ မှာပါဝင်ခဲ့တဲ့ ရေနံသာကျေးရွာသား တောင်သူ ဦးခင်မောင်မြင့်က ပြောပါတယ်။

"စာတွေကို ဝန်ကြီးဌာန သမ္မတအထိ ကျနော်တင်ဖူးခဲ့ပါတယ်၊ အခြေအနေတွေက ဘာမှမထူးခြားသည့်အတွက် ကျနော်တို့မှာ အခုရာသီအတွက် လုပ်ကိုင်စားစရာလည်း မြေမရှိဘူး၊ ဘိုးဘွားပိုင်မြေဆိုရင် ပြန်လည်လုပ်ကိုင်ခွင့်ပြုတယ်လို့ သမ္မတကြီးပြောဆိုချက်အရ အခုရာသီအတွက်မှီအောင်လို့ လုပ်ရခြင်းဖြစ်ပါတယ်"


ဒီထွန်တုံးတိုက်ပွဲဆင်နွဲှခဲ့ကြတဲ့ လယ်ယာမြေ ဧက ၈၀ ကျော်ဟာ ရေနံသာကျေးရွာက တောင်သူ ၁၃ ဦး ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေဖြစ်ပြီး ၁၉၉၁ ခုနှစ်မှာ ကျန်းမာရေးဝန်ကြီးဌာနက အနာကြီးရောဂါ ဆေးရုံတည်ဆောက်ဖို့အတွက် သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။ အဲဒီလယ်မြေတွေကို လက်ရှိအချိန်ထိ ဆေးရုံဝန်ထမ်းတွေ ဖူလုံရေးအတွက်ဆိုပြီး သီးစားပြန်လည်ချထားတာဖြစ်ပါတယ်။

အနာကြီးရောဂါအထူးကု ဆေးရုံအုပ် ဒေါက်တာ မြတ်သီတာက တောင်သူတွေ ရသင့်ရထိုက်တဲ့ လယ်မြေတွေဆိုရင် စိစစ်ပြီး ပြန်ပေးမယ်လို့ အခုလို ပြောပါတယ်။

"ကျမတို့ သူတို့ကို တားမြစ်ထားစရာ၊ ထိန်ချန်ထားစရာတွေ အကြောင်းလည်းမရှိဘူး၊ တင်ရင်တင်သလို ကျမတို့လည်း ပြန်ပြီးတော့ ပြောပြပေးမှာပဲဆိုတော့ အမှန်တကယ်သာ သူတို့ရပိုင်ခွင့်ရှိတဲ့ မြေလို့သာ တကယ့် အထောက်အထားအတိအကျနဲ့ ပေါ်တယ်ဆိုရင် ကျမတို့ကလည်း ပြန်ပြီးတော့ စစ်ဆေးမှာပဲ၊ ဆေးရုံက အခုလက်ရှိရှိနေတဲ့လုပ်ငန်းတွေရှိတယ်၊ ရှေ့လုပ်ရမယ့်လုပ်ငန်းစဉ်တွေရှိတယ်၊ အဲဒီလုပ်ငန်းစဉ်တွေကြည့်ပြီးတော့ မလိုအပ်တဲ့မြေတွေ စွန့်လွှတ်ရမှာပဲ၊ စွန့်လွှတ်ပေးဖို့လည်း စိတ်ကူးရှိတာပဲ"

လက်ရှိအချိန်မှာတော့ ဆေးရုံပိုင်မြေတွေ ဖြစ်နေတဲ့အတွက် အခုလို ကျူးကျော်ထွန်ယက်တာကို ဥပဒေအရ တရားစွဲသွားမယ်လို့လည်း ပြောပါတယ်။ ရေနံ့သာ အနာကြီးဆေးရုံဟာ အနာကြီးရောဂါသည်တွေ နေထိုင်ဖို့ အတွက် မြေကွက်နေရာတွေ ချထားပေးနေတဲ့ဆေးရုံလည်း ဖြစ်ပါတယ်။