ကိုရဲမင်းဦးကို ထပ်မံ ရုံးထုတ်စစ်ဆေး


2013.04.22

ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံထားရတဲ့ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဖြစ်မြောက်ရေး ကော်မတီ)အဖွဲ့ဝင် ကိုရဲမင်းဦးကို ဒီနေ့မှာ ဗဟန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရွှေတိဂုံဘုရားမှာ လူစုလူဝေးနဲ့ ပြည်သူတွေကို ဆူပူအောင်လံှု့ဆော်ခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတာပါ။ ဒီနေ့ဗဟန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုရဲမင်းဦးရဲ့ရှေ့နေ ဦးကျော်ဟိုးက RFA ကို အခုလို ပြောပါတယ်။

"အများပြည်သူကို ဆူပူအောင်လှုံ့ဆော်တယ်ဆိုရင် ဘယ်ကိစ္စကို ရည်ညွှန်းပြီးတော့ လှုံ့ဆော်တာလဲ၊ ဘယ်လိုစကားလုံးသုံးပြီးတော့ လှုံ့ဆော်တာလဲ၊ ဘာမှရေရေရာရာ တိတိကျကျ မဖြေနိုင်ဘူး၊ လွန်ခဲ့တဲ့ ၄ လလောက်က ဘာဖြစ်လို့ အဲတုန်းကမစွဲပဲနဲ့ ခုကျမှစွဲသလဲ၊ ဘာအကြောင်းရှိလို့လဲ မေးတော့လည်း အကြောင်းမပြနိုင်ဘူး၊ ဟိုဘက်က သက်သေတွေကလည်း ရဲအရာရှိတွေ ရဲတပ်ဖွဲ့ဝင်တွေ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ သာသနာရေးဦးစီးဌာနမှူးက အရာရှိပေါ့ ဒါတွေပဲပါတယ်၊ ဒါ့ကြောင့် စွဲတဲ့အမှုက ခိုင်လှုံမှမရှိဘူးပေါ့ဗျာ"

ဒါ့အပြင် ဒီကနေ့မှာလည်း သာကေတမြို့နယ် တရားရုံးက ပြစ်မှုဆိုင်ရာ ပုဒ်မ (၁၅၃) လူမျိုးတစ်မျိုးနဲ့ တစ်မျိုး ဆူပူအောင်လှုံ့ဆော်မှုနဲ့ ကိုရဲမင်းဦးကို ထပ်မံတရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

ကိုရဲမင်းဦးဟာ အခုလက်ရှိ အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရပြီး ကျောက်တံတားမြို့နယ် အနောက်ပိုင်းခရိုင်တရားရုံးမှာ မနက်ဖြန် ဒုတိယအကြိမ်မြောက် ဆက်လက်စစ်ဆေးခံရဖို့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။