YES – Inno အထည်ချုပ်စက်ရုံ အလုပ်သမား တစ်ထောင်ခန့် ဆန္ဒပြ

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် အမှတ် ၄ မှာရှိတဲ့ YES – Inno အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ထောင်နီးပါးလောက်ဟာ အခြေခံ လုပ်ခလစာ တိုးပေးရေး တောင်းဆို ဆန္ဒပြနေကြပါတယ်။

မနေ့က မနက်ကတည်းက အလုပ်သမားတွေဟာ စက်ရုံဝင်းနားမှာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဒီကနေ့မှာတော့ အင်အား တစ်ထောင်နီးပါးလောက်အထိ ရှိလာခဲ့တာပါ။

အလုပ်သမားတွေဟာ လက်ရှိ အခြေခံ လုပ်ခလစာ တစ်သောင်းကျော်၊ အိုဗာတိုင်ကြေးနဲ့ ပေါင်းလိုက်ရင် လေးသောင်းနီးပါး ရရှိတယ်လို့ ဆိုပါတယ်။ သူတို့ တောင်းဆိုနေတာက အခြေခံ လုပ်ခလစာကို တစ်သောင်းကျော်ကနေ နောက်ထပ် နှစ်သောင်းထပ်တိုးပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဆန္ဒပြသူ အလုပ်သမားတွေဟာ အမျိုးသမီး အလုပ်သမများဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာတော့ လှိုင်သာယာမြို့နယ် အလုပ်သမားရုံးမှာ သွားရောက်ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။