ရဲတံခွန် စွမ်းအင်လုပ်ကွက် သဘာဝဓါတ်ငွေ့ ကုန်ခမ်းတော့မည်

မြန်မာနိုင်ငံ ရဲတံခွန် စွမ်းအင်လုပ်ကွက်မှာရှိတဲ့ သဘာဝဓါတ်ငွေ့ ပမာဏဟာ မျှော်လင့်ထားတာထက် ပိုပြီးမြန်မြန် ဆန်ဆန် ကုန်ခမ်းလာနေကြောင်း ထိုင်း အစိုးရပိုင် PTT ရေနံကုမ္ပဏီက စွမ်းအင်ဝန်ကြီးဌာနကို အကြောင်းကြား ခဲ့ကြောင်း The Nation သတင်းက ဖော်ပြပါတယ်။

ထိုင်းအစိုးရအနေနဲ့ အခုလို ဓါတ်ငွေ့အထွက်လျော့လာနေတာကို ထေမိအောင် ဇောတိက လုပ်ကွက်ကထွက်တဲ့ ဓါတ်ငွေ့ကို ပမာဏတိုးပြီးရောင်းချဖို့ မြန်မာအစိုးရနဲ့ ညှိနှိုင်းရဖွယ်ရှိတယ်လို့လည်း ထိုင်း စွမ်းအင်ဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ခုက ပြောဆိုပါတယ်။

ထိုင်း PTT ကုမ္ပဏီဟာ ရဲတံခွန်လုပ်ကွက်ကနေ တစ်ရက်ကို သဘာဝဓါတ်ငွေ့ပမာဏ ကုဗပေ သန်း နှစ်ရာနှုန်းနဲ့ အနည်းဆုံး ၁ဝ နှစ် ထုတ်ယူဖို့ စာချုပ်ချုပ်ဆိုထားပါတယ်။ ဇောတိက လုပ်ကွက်က ဓါတ်ငွေ့ကိုတော့ မနှစ်ကစပြီး တစ်ရက်ကို ဓါတ်ငွေ့ ကုဗပေ သန်း ၂၄ဝ ပိုက်လိုင်းကတဆင့် သွယ်ယူနေတာပါ။ တကယ်လို့ ရဲတံခွန်လုပ်ကွက်မှာ ဓါတ်ငွေ့စောစောကုန်ခမ်းသွားတယ်ဆိုရင် ထိုင်းနိုင်ငံအနောက်ပိုင်းက လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ အခက်တွေ့ သွားမှာဖြစ်ပါတယ်။

ရဲတံခွန်လုပ်ကွက်ကဓါတ်ငွေ့ ဘယ်လောက်ကြာကြာ ထုတ်ယူနိုင်မလဲဆိုတာ အတိအကျ တွက်ချက်ဖို့ ကုမ္ပဏီတစ်ခုကို PTT က ဆက်သွယ်ထားတယ်လို့ သိရပါတယ်။