လွှတ်တော်က အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းပေးဖို့ လူငယ်အစည်းအရုံးပန်ကြား

လူငယ်ထုကြား အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ တိုင်းရင်းသားဒေသတွေနဲ့ ဖွံဖြိုးမှုနည်းပါးတဲ့ဒေသတွေက လူငယ်တွေကို အသိပညာပေးရေးဆိုင်ရာကိစ္စရပ်တွေ လွှတ်တော်မှာ တင်ပြဆွေးနွေးနိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေထံ မြန်မာနိုင်ငံလူငယ်များအစည်းအရုံးက တာဝန်ရှိသူတွေက နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေကလည်း လွှတ်တော်မှာ ဆွေးနွေးတင်ပြသွားဖို့ ကတိပေးပြောဆိုလိုက်ကြောင်း မြန်မာနိုင်ငံလူငယ်များအစည်းအရုံး ဥက္ကဌ ကိုဇွဲရန်နိုင်က RFA ကို ပြောပါတယ်။

"သူတို့ဘက်ကလည်း ကျနော်တို့လူငယ်တွေလုပ်တာနဲ့ ပတ်သက်ပြီး အားရကျေနပ်မှုရှိတယ်၊ ကျနော်တို့ကလည်း ကိုယ်လေ့လာထားသမျှ စစ်တမ်းတွေအရ တင်ပြတာဖြစ်တဲ့အတွက် လွှတ်တော်ဘက်က ပြန်လုပ်ပေးဖို့မေးပါတယ်၊ ဘယ်အထိလုပ်ပေးနိုင်မလဲလို့ ပွင့်ပွင့်လင်းလင်းမေးတဲ့အခါမှာ သူတို့ဘက်က လွှတ်တော်အစည်းဝေးတွေမှာ အဆိုတင်တာ၊ မေးခွန်းမေးတာ လုပ်းပေးပါမယ်ပြောတယ်၊ အလုပ်အကိုင် အခွင့်အလမ်းကိစ္စမှာလည်း သူတို့အခုလွှတ်တော်ကို တင်ထားတဲ့အဆိုလည်းပါတယ်၊ ကျနော်တို့တင်တဲ့အထဲက အချက်အလက်တချို့ကိုလည်း ဆွေနွေးပေးမယ်လို့လည်းပြောတယ်၊ ကျနော်တို့ဘက်ကလည်း အတိုင်းအတာအထိ မျှော်လင့်ထားတယ်ပေါ့နော်၊ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းကိစ္စ၊ ပညာရေးမြှင့်တင်ပေးတဲ့ကိစ္စပေါ့"

မနေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးဝင်းမြင့်၊ ဒေါ်စန္ဒာမင်း၊ ဦးအောင်ကြည်ညွန့်နဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်တို့နဲ့ မြန်မာနိုင်ငံလူငယ်များအစည်းအရုံးက တာဝန်ရှိသူတွေ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး တိုင်းရင်းသားပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လည်း ဒီကနေ့ ညနေပိုင်းမှာ တွေ့ဆုံသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံလူငယ်များအစည်းအရုံးက အခုလ ၂ ရက်နေ့က မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ ၆ဝ ရာခိုင်နှုန်းဟာ လူငယ်တွေဖြစ်နေတာကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ နိုင်ငံတော်သမ္မတဆီကို စာရေးသား တောင်းဆိုခဲ့ပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီတွေ ဝန်ကြီးဌာနတွေ လွှတ်တော်ဥက္ကဌတွေဆီကိုလည်း ပေးပို့ထားတယ်လို့ သိရပါတယ်။